ကျွန်တော်နှင့်သံမဏိနှင်းဆီ
‘ဒါဆို ကျွန်တော်ဘာသာပြန်တဲ့ ရှားလော့ဟုမ်းဝတ္ထုတွေကို ခင်ဗျားဘယ်လိုသဘောရလဲ‘ ဆရာက ကျွန်တော့်ကို မေးလိုက်ခြင်း ဖြစ်ပါသည်။ ဆရာ့အသံက တိုးတိုးညင်းညင်း၊ နေရာက ပြည်သူ့ရင်ပြင်။ ဆရာ၊ ကျွန်တော့်ဖခင်နှင့် ကျွန်တော်တို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် မင်္ဂလာဧည့်ခံပွဲ တစ်ခုသို့ တက်ရောက်ရန် ရောက်ရှိနေကြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်တော့ အချိန်က အနည်းငယ် စောနေသေးသည်။ ထို့ကြောင့် ကျွန်တော်တို့ ဧည့်ခံပွဲ ကျင်းပရာ မြက်ခင်းပြင်ဘေး လူသွားလမ်း၌ လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ သည်မှာ ကျွန်တော်တို့ ရောက်တတ်ရာရာ ပြောဆိုရင်း ဆရာဘာသာပြန်သော စာအုပ်များ အကြောင်းရောက် သွားသည်။ ကျွန်တော်က ဆရာ့ကို ဆရာဘာသာပြန်သော စာအုပ်အတော်များများ ဖတ်ရှုပြီးပြီ ဖြစ်ကြောင်း၊ ရှားလော့ဟုမ်းကိုဆိုလျှင် ညစဉ်ညတိုင်း ဖတ်ရှုမိသည်အထိ စွဲလမ်းကြောင်း ပြောမိ သည်။ ဤတွင်ဆရာက ကျွန်တော့ကိုပြန် မေးလိုက်ခြင်းဖြစ်သည်။ ဆရာ့မေးခွန်းကတိုသည်။ သို့သော် ရုတ်တရက်မို့ ကျွန်တော် ဘာပြန်ဖြေရမည် မသိ။ အမှန်အတိုင်းဝန်ခံရလျှင် ဆရာ့လို ‘ဆင်‘ ကလောင် ဟုဆိုရမည့် စာရေးဆရာကြီး တစ်ဦးအား ကျွန်တော့်လိုဥမမယ် စာမမြောက် ချာတိတ်တစ်ယောက် အနေဖြင့် မည်သို့ပြန်ဖြေရမည် မသိ။ ထိုစဉ်က ကျွန်တော့် အသက်က ၁၇၊၁၈ မျှသာ။ ဆရာက ကျွန်တော့်အခက်အခဲကို ရိပ်မိဟန်တူသည်။ ‘ကိစ္စမရှိပါဘူးဗျာ၊ စိတ် ထဲ ရှိတာကိုပဲ ပြောပါ၊ကျွန်တော်ကလည်း လူငယ်တွေ အမြင်သိချင်လို့ပါ၊ ပေါ့ပေါ့ပါးပါးပါ ‘ ဟုဆရာက ကျွန်တော့်ကို ထပ်ပြောသည်။ ထိုအခါမှ ကျွန်တော်လည်း ကျွန်တော်မြင်သည့် အမြင်ကိုဆရာ့အား လွတ်လွတ်လပ်လပ် ပြန်ပြောမိတော့သည်။ ဆရာဘာသာပြန်သည့် ရှားလော့ဟုမ်းဝတ္ထုများ နှင့် ဆရာကြီးရွှေဥဒေါင်း၏ ဦးစံရှား ဝတ္ထုများအား အကုန်အစင် ဖတ်ရှု ပြီးဖြစ်ကြောင်း၊ ဆရာက အင်္ဂလိပ်လေကို အမိအရ ဘာသာပြန်နိုင်သကဲ့သို့ ဆရာကြီးရွှေဥဒေါင်းကလည်း မြန်မာလေ ဖြစ်သွားသည်အထိ မှီငြမ်းနိုင်ကြောင်း၊ နှစ်မျိုးစလုံးပင် အထူးကောင်းမွန်ကြောင်း ဆရာ့ကိုပြန်ဖြေရသည်။ ဆရာက ကျွန်တော့်အား အင်္ဂလိပ်လိုပါ တိုက်ရိုက်ဖတ်နိုင်ရန် ကြိုးစားစေလိုကြောင်း ပြန်ပြောသည်။ ကျွန်တော်ကြိုးစားပါ့မည်ဟု ဆရာ့အား ဖြေခဲ့မိသော်လည်း နောင်တစ်ချိန် ကျွန်တော် အင်္ဂလိပ် လိုဖတ်ရှုရသော အခါဆရာ့ဘာသာပြန်အား ဖတ်ရသည်လောက် ခံတွင်းမတွေ့ ဖြစ်မိပြန်သည်။ ကျွန်တော်၏ အင်္ဂလိပ်စာ အဆင့်အတန်းကြောင့်သာ ဖြစ်မည်ဖြစ်ပြီး နောက်တစ်ကြောင်းမှာ လည်း ဆရာ့ဘာသာပြန်များသည် ကျွန်တော့် ဦးခေါင်းတွင်း၌ သံမှို နှုက်သကဲ့သို့စွဲမြဲ နေသော ကြောင့်လည်းဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ တစ်ကယ်က ကျွန်တော်သည် ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ သောဖခင်၏ ကျေးဇူးကြောင့် စာအုပ်ပုံများကြားတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ စာရေးဆရာများကိုလည်း ကြည်ညိုလေးစား အားကျခဲ့သူဖြစ်သည်။ ကံကောင်းချင်တော့ ကျွန်တော့်ဘဝတွင် ပထမဆုံးသိ ကျွမ်းခွင့်ရသော စာရေးဆရာမှာလည်း ဆရာဖြစ်နေသည်။ ၁၉၈၀ နှစ်များ အလယ်ပိုင်းကာလလောက်က ဖြစ်ပါလိမ့်မည်။ ကျွန်တော် ငါးတန်းကျောင်းသား ဘဝလောက်ဖြစ်မည်။ ထိုစဉ်က ကျွန်တော်သည် မနက်ဆိုလျှင် ဖခင်နှင့်အတူ လမ်းလျှောက်လိုက်သွားသည်။ ဦးဝိစာရလမ်းသို့ ဖြစ်သည်။ သည်မှာပင် ကျွန်တော် ဆရာနှင့် စတင်တွေ့ဆုံခွင့်ရခဲ့သည်။ ဆရာနှင့် ကျွန်တော့်ဖခင်က မနက်တိုင်း အတူတူ လမ်းလျှောက်ဖက်။ သူတို့နှစ်ယောက်တည်းတော့ မဟုတ်။စစ်စစ်ပေါက် ပေါက်တွက်ကြည့်လျှင် လူနှစ်ဆယ်လောက်ရှိမည် ထင်သည်။ ဆရာဝန်ကြီးများ၊ အရာရှိကြီးများ၊ ကုန်သည်များ အစရှိသဖြင့် သူတို့အဖွဲ့တွင် လူစုံပါသည်။ စာရေးဆရာကတော့ ဆရာတစ်ယောက် တည်းသာဖြစ်ပါသည်။ ထိုအထဲတွင်မှ အမာခံ လမ်းလျှောက်သူ လေးငါးခြောက်ယောက်လောက် ရှိမည်ထင်သည်။ ကျွန်တော့်ဖခင်နှင့် ဆရာအပါအဝင်။ မိုးမည်မျှရွာပါစေ၊ ထီးဆောင်း၍လျှောက် သည်။ နေထိုင်မကောင်းသောရက်များမှလွဲ၍ နေ့စဉ် လမ်းလျှောက် နေသောကြောင့်လား မသိ။ နေထိုင်မကောင်းကလည်း ဖြစ်ခဲပါသည်။ ထိုစဉ်က ကျွန်တော်သည် ဆရာ၏ ‘ဓားတောင်‘ အား ဖတ်ရှုပြီးခဲ့ပြီဖြစ်သည်။ အခြားစာအုပ်များကိုတော့ မဖတ်ဖြစ်သေး။ သို့သော် ကျွန်တော့်ဖခင်အမည်နှင့် ဆရာလက်မှတ်ရေးထိုး လက်ဆောင်ပေးသောဆရာ့စာအုပ်အမည်များနှင့်ကားရင်းနှီး ကျွမ်းဝင်ခဲ့ပြီးဖြစ်ပါသည်။ ‘ရှားလော့ဟုမ်း‘ ‘ရွှေပြည်တော်မျှော်တိုင်းဝေး‘ စာအုပ်တွဲများ အစရှိ သည်ဖြင့်။ ကျွန်တော်က ‘ကိုနန္ဒာ‘ ‘ရဲမြင့်‘ ‘သံချောင်း‘ စသဖြင့် ‘ဓားတောင်‘ ထဲမှဆရာ့ဇာတ် ကောင်အမည်များကို (ကလေးပီပီ အထင်ကြီးခံလိုစိတ်ဖြင့်) ဆရာ့ကိုရွတ်ပြတော့ဆရာနှစ်သိမ့် ပြုံးပြုံးသည်ကို ကျွန်တော် ယခုတိုင်မှတ်မိနေပါသေးသည်။ ၁၉၉၀ နှစ်များ အစောပိုင်းကာလ လောက်တွင်တော့ ကျွန်တော်ဆရာ့စာအုပ် အတော်များများကို ဖတ်ရှုခဲ့ပြီး ဖြစ်ပါသည်။ ယခင်ကလေးဘဝက အပေါ်ယံရှပ်၍ ဖတ်ခဲ့သော ‘ဓား တောင်‘ ကိုလည်း အနှစ်သာရပိုင်းကိုပါ ဆုပ်ကိုင်ဖတ်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။ ‘ကံကောင်း‘ ‘အမှောင် ရိပ်ဝယ်‘ ‘နွံထဲကကြာ‘ အစရှိသဖြင့်လည်း မြည်းစမ်း ကြည့်မိခဲ့ပြီ ဖြစ်သည်။ ‘ရှားလော့ဟုမ်း‘ ဝတ္ထုများကိုလည်း အတော်များများ ဖတ်ရှုပြီးခဲ့ပြီဖြစ်သည်။ ငယ်စဉ်က ကျွန်တော်မ‘ကိုင်‘နိုင်ခဲ့သည့် ‘ရွှေပြည်တော်‘ နှင့် ‘ခန်းဆောင်နီ‘ ကိုလည်း ဖတ်ရှုနိုင်ခဲ့ပြီ။ ‘အညတရရုပ်ပုံလွှာများ‘ ကိုလည်းခံစား နှစ်ခြိုက်ခဲ့မိပြီ။ ‘ပုံတောင်ပုံညာ‘ သို့လည်း ဆရာနှင့်အတူ လိုက်သွားမိခဲ့သည်။ ‘ဇာခန်းဆီး၊ လေညင်းနှင့် လရောင်‘ အောက်တွင်လည်း အိပ်မက်မက်ခဲ့ဖူးပြီ။ ထိုအချိန်မှာပင်ကျွန်တော် စာဖတ်ဝါသနာပါမှန်း သိရှိသောဆရာက စာအုပ်လက်ဆောင်ပေးရာတွင် ကျွန်တော့်ဖခင်အမည်နှင့် ပေးနေ ရာမှကျွန်တော့်အမည်သို့ ပြောင်းလဲလက်မှတ်ထိုးပေး ခဲ့ပါသည်။ မှတ်မှတ်ရရ ‘လိုက်ခဲ့တော့မြနန္ဒာ‘ စာအုပ်မှစ၍ ဖြစ်မည်ထင်သည်။ နောက်ပိုင်းတွင်လည်း ‘သုခမြို့တော်‘ ‘အချစ်မိုးကောင်းကင်‘ ‘လာခြင်းကောင်းသောအရှင်‘ စသည်ဖြင့် ဆက်တိုက်။ ကျွန်တော် အတော်ဝမ်းသာမိပါသည်။ စာရေးဆရာတစ်ယောက်၏ လက်မှတ်နှင့် စာအုပ်သည် စာချစ်သူတစ်ဦးအတွက် မည်မျှ အဖိုးထိုက်တန်သည်ကို ကျွန်တော် အသိဆုံး။ ဆရာ၏ မျိုးဆက်ဟောင်းမှ မျိုးဆက်သစ်သို့လွှဲပြောင်း လက်ဆင့်ကမ်းပေးခြင်းသဘော ဟုလည်းနောင်အခါ နားလည်မိသည်။ ကျွန်တော်လည်း အရွယ်ရောက်လာပြီဖြစ်၍ ဖခင်နှင့် လမ်းလျှောက်မလိုက်ဖြစ်တော့။ ဆရာနှင့် အတွေ့ရ အနည်းငယ်ကျဲသွားသော်လည်း အထိအတွေ့ကမူ ဆက်ရှိနေခဲ့ပါသည်။ တစ်ခါတစ်ရံ ဆရာမြို့ထဲစာအုပ်တိုက် များရှိရာသို့ အလာတွင် ကျွန်တော်တို့အိမ်သို့ ဝင်လာသည်လည်းရှိသည်။ ကျွန်တော့်ဖခင်နှင့် စမ်းချောင်းဘက်သို့ အရောက်တွင် ဆရာ့အိမ်သို့ ဝင်ဖြစ်သည်လည်းရှိသည်။ အဆက်အသွယ်မပြတ်ခဲ့ပါ။ တစ်ခါတွင်လည်း ရွှေပြည်သာရှိ ကျွန်တော်တို့အိမ်၌ ဆရာစန္ဒရားလှထွတ်ကိုပါ ဖိတ်၍စားကြ သောက်ကြသည်။ သည်တော့မှပင် ဆရာ့တယောလက်သံကို ကျွန်တော် စနားထောင်ဖူးခြင်း ဖြစ်သည်။ အနုသုခုမအရာတွင် ထူးချွန်ပြောင်မြောက်သူ ဆရာ့ကို ကျွန်တော်အားကျ နေခဲ့မိပါသည်။ နောက်တော့ ဆရာ့စာများကိုသာမက ဆရာဖြတ်သန်းလာခဲ့သော ဆရာ့ဘဝပုံကား ချပ်များကိုပါ ကျွန်တော် သိရှိလာသည်။ တစ်ကယ်က ဆရာသည် စာရေးဆရာသက်သက်မဟုတ်၊ ဆရာ့နိုင်ငံရေးဖြတ်သန်းမှု ၊ သမိုင်းဖြတ်သန်းမှု အတွေ့အကြုံတို့က ထုနှင့်ထည်နှင့် ရှိနေသည်။ ဆရာ့ကိုမွေးဖွားသည်က ၁၉၂၉ ခုနှစ်၊ ပခုက္ကူ ခရိုင် မြိုင်ဇာတိ။ ဆရာဒဂုန်တာရာ ထက်ဆယ်နှစ်ခန့်ငယ်သူ။ ဆယ်ကျော်သက်အရွယ် ဆယ့်လေးငါးနှစ်သားမှာပင် ဆရာ့နိုင်ငံရေးဘဝစတင်သည်။ ကျွန်တော်တို့ခေတ်နှင့်ယှဉ်လျှင် ရင့်ကျက်မှုနှုန်း အတော်ကြီးကို မြန်ဆန်သည်ဟု ဆိုရပေလိမ့်မည်။ နောက်ခံ အချိန်ကာလကလည်း မြန်မာနိုင်ငံသမိုင်း၌ မုန်တိုင်းတို့ တဝုန်းဝုန်းထန်ချိန်၊ မီး တောင်တို့ တဒိုင်းဒိုင်းပေါက်ကွဲချိန်။ ထိုသို့သောသမိုင်းနောက်ခံမှာပင် ဆရာလူလားမြောက်ခဲ့ရသည်။ တောက်မည့်မီးခဲတရဲရဲ ဖြစ်ခဲ့ရသည်။ ခေတ်က တောင်းဆိုလာသောအခါ ဆရာ့လိုလူမျိုး သည် ‘ငြိမ်‘ နေ၍မဖြစ်တော့။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တော်လှန်ရေးခရီးကြမ်းကို စလှမ်းခဲ့သည်။ ပြည်သူ့လွတ်မြောက်ရေး ပန်းတိုင်ဆီစချီခဲ့သည်။ ဂျပန်ဖက်ဆစ်ခေတ်၊ ထို့နောက် စစ်ပြီးခေတ်။ ဆရာ့ ‘ခေါင်း‘ အား မြေရှင်တို့က ဆုငွေထုတ်ခဲ့သည်။ ပခုက္ကူမှ သားကောင်းရတနာ သည်ထိုထိုဤဤ အလီလီသော အန္တရာယ်တို့ကို မမှုတော့ပြီ။ သူလျှောက်ရမည့်လမ်းကို သူဖောက်ခဲ့ပြီ။ သူ့ပြေးလမ်းကို သူရွေးခဲ့ပြီ။ ကိုယ်ခန္ဓာက သေးကွေးကြုံလှီသည်။ မျက်မှန်အထူကြီးကလည်းတပ် ထားရသေးသည်။ သို့သော် စိတ်ကသံမဏိ။ မီးပြင်းပြင်းတွင် အဖန်တလဲလဲ ပြုပြင်သန့်စင်ထား သည့် သံမဏိ။ ထိုစိတ်သည်ပင် သူ့ဘဝတစ်လျှောက်လုံး၏ မောင်းနှင်အားဖြစ်ခဲ့သည်။ မာလိန်မှုး ဖြစ်ခဲ့သည်။ သူကိုင်စွဲထားသည့် အလံက ဖက်ဆစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ့ လွတ်မြောက်ရေးအလံတော်။ ထိုအလံတော်၏ အရိပ်အောက်တွင်ပင် သူ့တစ်သက်တာပတ်လုံး နေထိုင်သွားသည်။ ၁၉၄၉ ခုနှစ်တွင် ဆရာဒဂုန်တာရာက စာပေသစ်မီးရှုး တန်ဆောင်ကိုထွန်း ညှိသည်။ ဆရာလည်း တစ်တပ်တစ်အားပါဝင်ခဲ့ပြန်သည်။ အသွေးအမွေးတူသူများ စုစည်းမိကြပြီ။ ဆရာ့စာပေဘဝ၏ ပထမဆုံးခြေလှမ်းဟု ဆိုရမည့် “ဒုက္ခသည်“ ဝတ္ထုတိုအား တာရာမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ရင်ခုန်စရာနှစ်ကာလများ၊ ထိုကာလများသည် ဆရာ့အတွက်အမှန် ပင်ရင်ခုန်ဖွယ် ကောင်းခဲ့ပါလိမ့်မည်။ ၁၉၅၈ တွင်တော့ ပြည်သူ့ဘက်မှ တစ်လျှောက်လုံး ရပ်တည်ခဲ့သော ဆရာ့အား နရသိန်သို့ ပို့ဆောင် လိုက်ကြလေသည်။ ကိုကိုးကျွန်းသို့လည်း ရောက်သွားသည်။ တစ်ချို့တစ်ချို့သော သူတို့အတွက်တော့ နရသိန်ဟူသည် တစ်သက်တစ်ခေါက် ဖြစ်ပေလိမ့်မည်။ ဆရာ့အတွက်တော့ ထိုသို့မဟုတ်။ ထိုပထမတစ်ခေါက်သည် နိဒါန်းသဘော၊ ခြေဆင်းသဘော မျှသာရှိခဲ့သည်။ ထို့နောက်တွင်ကား မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်သို့ စစ်အာဏာရှင်စနစ် တက်လာသည်။ ၁၉၆၂ ။ ၁၉၆၃ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်သည်။ တစ်ကယ်က အတုအယောင်မျှသာ။ ပျက်သည်။ ချက်ချင်းဆိုသလိုပင် အတိုက်အခံ သဘောထားရှိသူဟု ယူဆရသူမှန်သမျှ ပိုက်စိပ်တိုက်ဖမ်း တော့သည်။ ဆရာလည်းအပါအဝင်။ လေးငါးနှစ် ကြာသောအခါ လွတ်သူတွေလည်း လွတ်ကုန်ကြသည်။ ဆရာတော့မပါ။ ၁၉၆၉ တွင်ကားဆရာ့ကို “ကိုကိုးကျွန်း“ သို့ ဒုတိယမ္ပိပို့ဆောင်လိုက် လေတော့သည်။ လေထီးဦးအုန်းမောင်၊ ဆရာဗန်းမော်တင်အောင် အစရှိသည့် နိုင်ငံရေး အစဉ် အလာကြီးမားသူများနှင့်အတူ။ကိုကိုးကျွန်းတွင်လည်း ခက်တရော်သော တိုက်ပွဲအသွယ်သွယ်တို့ကို ဆရာဆင်နွှဲခဲ့ရပြန်သည်။ ရက် ၄၀ အစာငတ်ခံတိုက်ပွဲ တွင်ပါဝင်ခဲ့သည်။ ၅၃ ရက်ကျွန်း ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲကြီးကို ဝန်းရံခဲ့သည်။ သည်အကြောင်းများကို ဆရာက ကျွန်တော့်ဖခင်အား ရံဖန်ရံခါ ပြောပြသည်။ သို့သော်တစ်စွန်းတစ်စ။ ဆရာက မဏ္ဌပ်တိုင် တက်လိုသူမျိုး မဟုတ်။ သူ့အကြောင်းကို သူမပြောချင်။ တစ်ခြားသူတွေ ပြောကြလိမ့်မည်။ သည်လိုသဘောထား ရှိသူ။ ရက်၄၀ အစာငတ်ခံတိုက်ပွဲတွင် အစာငတ်ခံသည့်ရက် ရှည်ကြာလာသည့်အခါ ခံစားရသည့် ဝေဒနာများ ၊ ၅၃ ရက်တိုက်ပွဲတွင် ကျဆုံးသွားရသူများ အကြောင်းတို့ကိုတော့ တို့တို့တိတိ ဆရာ ပြောပြခဲ့ ဖူးပါသည်။ ဤတစ်ကြိမ် “ကိုကိုးကျွန်း“ ၌နေထိုင်ခဲ့ရခြင်းသည် ဆရာ့အတွက်တော့ ဘဝများစွာအား တစ်ပြိုင်နက်တည်း နေထိုင်လိုက်ရခြင်း ဖြစ်ပါလိမ့်မည်။ အရိုင်းဆန်သော အင်အားစု၊ ကြမ်းကြုတ်ခက်ထန်သော သဘာဝတရား၊ ရုန်းကန်တော်လှန်သော လူသား၏ခွန်အား၊ လတ်ဆတ်သောပင်လယ် လေညင်း၊ ကြက်တူရွေးအုပ်များ၊ လိပ်သောင်၊ ကျောက်ဆောင် ကမ်းပါး၊ ဖိနှိပ် သူနှင့်ဖိနှပ်ခံ၊ ဆရာ ကိုင်ဆောင်ထားသော ဓားရှည်…… သည်အရာများစွာကပဲ ဆရာ၏ masterpiece ဟုဆိုရအပ်သော “ဓားတောင်“ အဖြစ် သန္ဓေတည်ခဲ့ လေတော့သည်။ ၁၉၇၂ ဆရာ နရသိန်မှ ပြန်လည် လွတ်မြောက်လာသောအခါ ရေးစရာ တစ်ပုံတစ်ပင် ပါလာခဲ့သည်။ ဆရာ ပြင်ပလောကနှင့် အဆက်ပြတ်ခဲ့သည်က ကိုးနှစ်တိုင်တိုင်။ ထို့နောက်တွင်ကား ကိုးနှစ်တာမျှ စာမရေးခဲ့ရသည်ကို အတိုးချသည့်အလား ဆရာ့လက်ရာတွေ အမြောက်အများ ထွက်ပေါ်လာတော့သည်။ “စစ်နှင့်ငြိမ်းချမ်းရေး“ ၊ “ဓားတောင်“ ၊ “လေရူးသုန်သုန်“ ၊ “ပါရီကျဆုံးခန်း“ ၊ “လေလွင့်သူ“ အစရှိသည်ဖြင့်။ ၈၈ သည်ဘက်ပိုင်းတွင်လည်း “ခန်းဆောင်နီအိပ်မက်“၊ “သုခမြို့တော်“၊ “အချစ်မိုးကောင်းကင်“ စသည်ဖြင့်။ ဆရာနှင့် ဘဝတစ်လျှောက်လုံး ကဏ္ဍကောစဖြစ်ခဲ့သည့် အုပ်ချုပ်သူတို့ပင် ဆရာ့အားထုတ်မှုကို အသိအမှတ်မပြုဘဲ မနေနိုင်တော့၊ နေ၍မရတော့၊ ဆရာ့ကို အမျိုးသားစာပေဆု ငါးကြိမ်တိုင်တိုင် ချီးမြှင့်ဂုဏ်ပြုခဲ့ရလေတော့သည်။ သည်လိုနှင့် ၁၉၉၈ နှစ်ဦးပိုင်းသို့ ရောက်လာသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျွန်တော့်ဖခင်နှင့် ဆရာတို့ ကျိုက်ထီးရိုး အကြောင်း စကားစပ်မိကြသည်။ ဆရာက ကျိုက်ထီးရိုး သို့တစ်ခါမျှ မရောက်ဖူးသေးဟုဆိုတော့ အားလုံးက အံ့ဩကြသည်။ ဤတွင်ကျွန်တော့်ဖခင်က သူလည်း မရောက်တာနှစ် ၄၀ လောက်ရှိတော့မည်၊ အိမ်ကကားနှင့်ပင် သွားမည်၊ ဆရာလိုက် ခဲ့ပါဟုဆိုကာ ခရီးစဉ်ကို ကောက်ကာငင်ကာ ရေးဆွဲတော့သည်။ ဤသို့ဖြင့် ဆရာ၊ ကျွန်တော့်ဖခင် နှင့်အခြား မိတ်ဆွေသုံးယောက်တို့ ကျိုက်ထီးရိုးသို့ ကျွန်တော်တို့အိမ်မှ ကားနှင့်ပင် ခရီးထွက် ခဲ့ကြတော့သည်။ ဆရာ့ဘဝတွင် ခရီးများစွာသွားခဲ့ဖူးသည်။ မြန်မာပြည် တစ်နံတစ်လျား၊ အထက် အောက်စုန်ဆန်၊ နိုင်ငံရပ်ခြားခရီးများမှသည် ကိုကိုးကျွန်း အထိ။ ယခုတစ်ခေါက်က ကျိုက်ထီးရိုး။ ဤခရီးသည်ပင် ဆရာ့ဘဝ၏ နောက်ဆုံးခရီး ဖြစ်လိမ့်မည်ဟုတော့ ထိုစဉ်က မည်သူမျှ တွေးထင်မိခြင်းမရှိခဲ့ပါ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်မည် ထင်သည်။ ဆရာတို့ ကျိုက်ထီးရိုးသို့ ခရီး ထွက်ခဲ့ကြသည်။ တောင်ပေါ်သို့ ခြေလျင်ပင်တက်ခဲ့သည်။ တောင်ပေါ်ရောက်တော့ ကျိုက်ထိုဟိုတယ်တွင် တည်းသည်။ ထိုတစ်ညနှင့် နောက်တစ်ရက်လုံး အနီးအနား ဝန်းကျင်နေရာများသို့ လည်ပတ်ကြည့်ရှု ကြသည်။ လူကြီးများချည်းမို့ ဝေးလံသည့်နေရာများကိုမူ မသွားဖြစ်တော့။ ၁၄ ရက် နေ့တွင် ဆရာတို့ ရန်ကုန်ပြန်သည်။ ရန်ကုန်ရောက်တော့ ညနေစောင်းပြီဖြစ်သည်။ ဆရာ့အိမ်သို့ ဆရာ့ကိုဝင်ပို့ကာ နောက်နေ့မနက် လမ်းလျှောက်ထွက်ဖို့ ချိန်းကြသည်။ ဆရာကတစ်ရက် လောက်နားလိုက်လျှင် ကောင်းမည်ဟုဆိုသည်။ ကျိုက်ထီးရိုး တွင်လည်း အတက်အဆင်းရော၊ လည်ပတ်ကြည့်ရှုသည်ရော အတော်ပင်လျှောက်ခဲ့ရ၍ ဖြစ်သည်။ ဤတွင် ကျွန်တော့်ဖခင်က တစ်ရက်လောက်နဲ့တော့ မနားတော့ပါဘူးဆရာ၊ ကျွန်တော်တို့ တန်ပြန်လျှောက်လိုက်ရအောင် ဟုအကြံပေးမိသည် ( နောင်အခါ ဖခင်အတွက် တသသပြောစရာ တစ်ခုဖြစ်လာခဲ့ပါသည် )။ ဒါဆိုလည်း လျှောက်တာပေါ့ဗျာ ဟုဆရာပြောရင်း မိတ်ဆွေများကို နှုတ်ဆက်ပြီး အိမ်ထဲသို့ဝင်သွား ခဲ့သည်။ ဤမြင်ကွင်း သည်ပင် ဆရာ့အား ရှင်သန်လှုပ်ရှားလျက် ပြင်ပလောကမှ နောက်ဆုံးမြင် လိုက်ရသည့်မြင်ကွင်း ဖြစ်ခဲ့တော့သည်။ နောက်တစ်နေ့မနက် လေးနာရီ ခွဲ ငါးနာရီလောက် ဖြစ်မည်ထင်သည်။ ကျယ်လောင် စူးရှသော တယ်လီဖုန်းသံကြောင့် ကျွန်တော် လန့်နိုးလာပြီး အိပ်ချင်မူးထူးဖြင့် ဖုန်းကောက်ကိုင် လိုက်သည်။ တစ်ဖက်မှ အမျိုးသမီးတစ်ယောက်အသံဖြင့် “ဆရာမြသန်းတင့် အိမ်ကပါ၊ ဆရာအခု လှေကားပေါ်က လိမ့်ကျလို့ ခေါင်းကွဲသွားတယ်၊ အဲဒါအမြန်လာခဲ့ပါ “ ဟုပြောသံကို ကြားလိုက်ရ သည်။ ကျွန်တော်လည်း “ဟုတ်ကဲ့၊အခုလာခဲ့ပါ့မယ်“ ဟုဆိုကာ ဖုန်းချလိုက်သည်။ ကျွန်တော့်ဖခင်က ကျွန်တော့်အား အကျိုးအကြောင်း လှမ်းမေးသည်။ ကျွန်တော်ပြောပြတော့ ဖခင်က “ဟာ ဒါ ဆိုအမြန်သွားမှပဲ“ ဟုဆိုကာ ဆရာ့အိမ်သို့ကားနှင့် ထွက်ခဲ့ကြသည်။ ဟိုရောက်တော့ဆရာမရှိတော့။ ဒေါက်တာဇော်သန်း (သတင်းထောက်၊ စာရေးဆရာ) တို့နှင့် အတူဆေးရုံသွားနှင့်ပြီ။ ဒေါက်တာဇော်သန်းက ဆရာ့လမ်းနှင့် တစ်ဖက်လမ်းတွင် နေထိုင်သူ။ ကျွန်တော်တို့ ဆေးရုံကြီးသို့ လိုက်ကြသည်။ ရောက်တော့ ဆရာ့အားအရေးပေါ် ခွဲစိတ်ကုသဆောင်သို့ သွင်းပြီးဖြစ်နေသည်။ အခြေအနေကို မသိရသေး။ ဒေါက်တာဇော်သန်း ကတော့အခြေအနေဆိုးကြောင်း ကျွန်တော့်ဖခင်အား တိုးတိုးတိတ်တိတ် လာပြောသည်။ ကျွန်တော့်ဖခင်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာကာ ဦးဝိစာရလမ်းသို့ ပြေးသည်။ သူတို့လမ်းလျှောက်အဖွဲ့ ထိုင်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်သို့။ လက်ဖက်ရည်ဆိုင်တွင် တွေ့သမျှ မိတ်ဆွေများအား ခေါ်၍ဆေးရုံကြီးသို့ တစ်ခေါက် ပြန်လာသည်။ လမ်းလျှောက်အဖွဲ့ဝင် ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကျော်နှင့် ဒေါက်တာဦးစောဆိုင်မွန်သာ တို့လည်းရောက်နေကြပြီ။ မနက်ရှစ်နာရီခန့်တွင်တော့ ဆရာ့အား အလုံးစုံကြည့်ရှုစစ်ဆေးပြီးခဲ့ပြီဖြစ်သည်။ အရေးပေါ်ခန်းမှ ထွက်လာသော ဆရာဒေါက်တာအောင်ကျော်အား ဆရာ့အခြေအနေကို ကျွန်တော်တို့ အားကိုးတကြီးမေးမိကြသည်။ ဒေါက်တာ့ မျက်နှာကမကောင်း။ တိုတိုတုတ်တုတ်ပင် ပြောသည်။ အံ့ဖွယ်သရဲဖြစ်ရပ်မျိုးမှလွဲ၍ ဆရာ့အခြေအနေမှာ မျှော်လင့်ချက်မရှိပြီ။ နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ စာပေလောကသားများ အတော်စုံစုံလင်လင် ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။ အရေးပေါ် ကြပ်မတ်ကုသဆောင်သို့ ကျွန်တော်ဝင်ကြည့်သည်။ ဆရာ့ အခြေအနေက မမြင်ရက်စရာ။ ဦးခေါင်းတစ်ခုလုံးကို ဆံပင်ပြောင်အောင်ရိတ်ထားသည်။ ပိုက်အသွယ်သွယ်က တိုးလို့တွဲလောင်း။ သတိကတော့ စဖြစ်ကတည်းကမရှိတော့ပြီ။ ဆရာ့စိတ်အခုဘယ်ကိုရောက်နေမလဲ၊ ကျွန်တော် တွေးနေမိသည်။ ကျွန်တော် အပြင်ပြန်ထွက်လာတော့ ဖခင်နှင့် စကားပြောနေသော ဆရာအောင်ဝေးနှင့် သွားဆုံသည်။ ကျွန်တော့်ဖခင်က ဆရာအောင်ဝေးအား အကျိုးအကြောင်း ရှင်းပြနေခြင်း ဖြစ်သည်။ နယ်မှ စာပေသမားများလည်း တဖွဲဖွဲ စရောက်လာကြပြီဖြစ်သည်။ ဆရာ့အခြေအနေက ဘာမှမထူးခြား။ ပို၍ပင် ဆိုးလာသယောင်ရှိ သည်။ သွေးလည်း မပြတ်သွင်းပေးနေရသည်။ တိုးတက် ကောင်းမွန်လာစရာတော့မရှိတော့။ အခြေအနေကို ဆက်ထိန်းထားသည့် သဘောသာ ရှိတော့သည်။ သည်လိုနှင့် ဖေဖော်ဝါရီ ၁၈ ရက် နေ့သို့ရောက်လာသည်။ ထိုည ရှစ်နာရီခွဲကိုးနာရီလောက် ဖြစ်မည်ထင်သည်။ ဆေးရုံကြီးတွင် အမြဲလိုလိုရှိနေသော ဖခင်ထံမှဖုန်းဝင်လာသည်။ ဟုတ်သည်။ ဆရာဆုံးပါးသွားခဲ့ပြီ။ ကျွန်တော်လမ်းထိပ်ထွက်၍ taxi ငှားသည်။ taxi က တော်တော်နှင့် ပေါ်မလာ။ နောက်ဆုံး ကျွန်တော်ဆိုက်ကား ငှား၍ ဆေးရုံကြီးသို့ပြေးသည်။ ရောက်တော့ ဆရာမရှိတော့။ ဆရာမောင်သွေးသစ်၊ ကျွန်တော့်အစ်ကိုနှင့် ဖခင်တို့ကိုသာ တွေ့ရတော့သည်။ ဆရာသွားနှင့်ပြီ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဆရာ့ကို မီးင်္သဂြိုလ်သည်။ စာပေလောကမှ စာရေးဆရာ၊ ကဗျာဆရာများ၊ ဆရာ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ အခြားအသိုင်းအဝန်းမှမိတ်ဆွေများ၊ ဆရာ့စာဖတ်ပရိသတ်များ အစရှိသည်ဖြင့် ဆရာ့အသုဘသည် ကြက်ပျံမကျ စည်ကားပါသည်။ ကျွန်တော်ကတော့ စောစောစီးစီး ရောက်နှင့် နေသည်။ ဆရာ့အသုဘပြင်မည့် ဧည့်ခန်းမထဲသို့ အရောက်တွင်ပင် အနီရောင်ဆိုင်းဘုတ်တစ်ခုက ကျွန်တော့်အား ဆီးကြိုနေသည်။ “ကဗျာရွတ်ခြင်း၊ စာတမ်းဖတ်ခြင်း၊ ရုပ်ကလာပ်အား အလံလွှမ်းခြုံခြင်း“ များမပြုလုပ်ရ ဟုဆိုင်းဘုတ်တွင် ရေးသားထားသည်။ ကျွန်တော့် ရင်ထဲတွင် ဆို့နင့်သွားသည်။ ဆရာ့နောက်ဆုံးအချိန် အထိပင်ဆရာနှင့် အုပ်ချုပ်သူတို့၏ ပဋိပက္ခမှာ နက်ရှိုင်းခဲ့လေသည်။ ဆရာသည် အုပ်ချုပ်သူ အဆက်ဆက်တို့၏ ရန်သူ။ သည်ဘွဲ့ထူးကိုပင် ဆရာ့ဘဝတစ်လျှောက်လုံး လိုလိုလားလား ခံယူခဲ့သည်မှာ ယခုနောက်ဆုံး အချိန်အထိ။ တစ်ကယ်က ဆရာ့ကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး နှစ်မြှုပ်ဆောင်ရွက်ခဲ့သူအား အခြားအခြားသောနိုင်ငံတို့တွင် ခြိမ့်ခြိမ့်သဲသဲချီးဂုဏ်ပြု ကြပေလိမ့်မည်။ ယခုတော့…..။ တစ်ကယ်က ဆရာ့ရုပ်ကလာပ်အား တူတံစဉ် အလံနီနှင့် လွှမ်းခြုံဂုဏ် ပြုရပေမည်။ ယခုတော့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်။ ဆရာ့အတ္ထုပ္ပတ္တိ စာစောင်ငယ်ကလေးသာ ဝေနိုင်သည်။ ပန်းချီမောင်ညိုဝင်း (ဟုထင်သည်) ၏ဆရာ့ပုံတူပန်းချီကားကြီးက မားမားမတ်မတ်။ နောက်ဆုံး ဆရာ့အားဂါရဝပြုရမည့် အချိန်ရောက်လာသည်။ ဆရာ့ကို ကန်တော့ကြသည်။ ကျွန်တော်ကတော့ ဆရာ့၏ ဂုဏ်ကျေးဇူးကို ရည်စူးလျက်ဆရာ့အား ဦးညွှတ်အလေးပြုမိသည်။ ဆရာ့အခေါင်းအား ထမ်းထုတ်လာချိန်တွင် ဆရာအောင်သင်း၏ “သူငယ်ချင်းမြသန်းတင့်ရေ၊ သွားတော့“ ဟူသော အသံဝါကြီးအား ကျွန်တော် ပြက်ပြက်ထင်ထင် ကြားလိုက်ရပါသည်။ အိမ်အပြန် လမ်းတစ်လျှောက်တွင်တော့ ကျွန်တော် ဆရာ့အကြောင်းကိုသာ အမျှင်မပြတ် တွေးတောနေမိသည်။ ဆရာသည် ဘဝတစ်လျှောက်လုံး အလုပ်အများကြီး လုပ်သွားသူဖြစ်သည်။ “စစ်နှင့်ငြိမ်းချမ်းရေး“ ဆိုပါတော့။ ဆရာကြီးရွှေဥဒေါင်းက ထိုဝတ္ထုကြီးအားအသက်ကြီးမှ ဖတ်မိသဖြင့်အချိန်တွေ နှမြောလှသည်ဟု ဆိုခဲ့ဖူးသည်။ ဘာသာပြန်ဖို့ကလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပြီ။ ထို့ကြောင့် နောက်မျိုးဆက်စာရေးဆရာများ ဘာသာပြန် ဖြစ်အောင်ပြန်ကြပါဟု အထူးတိုက်တွန်းခဲ့ဖူးသည်။ ထိုတာဝန်ကို ဆရာပင် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည်။ ဆရာ မည်မျှ ဇွဲကြီးကြောင်း ဖော်ပြသည့် ဆရာအောင်သင်း၏ စကားကိုလည်း ကျွန်တော်မှတ်မှတ်သားသား ရှိခဲ့ဖူးသည်။ ဆရာအောင်သင်းက “စစ်နှင့်ငြိမ်းချမ်းရေး“ ကိုဘာသာပြန်ဖို့မဆိုထားနှင့်၊ ကူး ပဲရေးကြည့်စမ်းပါဦး ဟုပြောခဲ့ဖူးသည်။ ဟုတ်လည်းဟုတ်သည်။ အတော့်ကို ထူထဲရှည်လျားသည့် ဝတ္ထုကြီးဖြစ်သည်။ ဆရာဆုံးတော့ လက်စတန်းလန်း ကျန်ခဲ့သည့်အလုပ်တွေ လည်းတစ်ပုံ တစ်ပင်ဖြစ်သည်။ “အီလျာအာရင်ဘတ်“ ၏ “သက္ကရာဇ်များ၊လူများ၊ဘဝ“၊ “တောင်သမန် ရွှေအင်းက လေညင်းဆော်တော့“ အစရှိသည်ဖြင့်။ သည့်ထက် ကျွန်တော်စိတ်ဝင်စားမိသည်က ဆရာ့၏ ထုတ်ဝေခွင့်မရခဲ့သော စာအုပ်များဖြစ်သည်။ ဆရာရေးပြီး ထုတ်ခွင့်မရခဲ့သော စာအုပ် လေးငါးဆယ်အုပ် ရှိမည်ထင်သည်။ နေသာမိုးသာသော တစ်နေ့တွင်မှ ကျွန်တော်တို့ ထိုစာအုပ်များကို ဖတ်ခွင့်ကြုံပေတော့မည်။ လွန်ခဲ့သော ခြောက်နှစ်ခန့်က ပင်လယ်ကမ်းခြေတစ်နေရာသို့ ကျွန်တော် ရောက်ရှိနေခဲ့သည်။ ကမ်းခြေနှင့်မလှမ်းမကမ်းတွင် “ချစ်သူ့ကျွန်း“ ဟု အမည်ပေးထားသော ကျွန်းငယ်ကလေး တစ်ကျွန်းရှိနေသည်။ ကမ်းခြေနှင့် ဘာမှမဝေးလှ။ ရေကျချိန်တွင် ခြေလျင်လျှောက်သွား၍ ရသည်။ တစ်ညနေတွင် ကျွန်းကလေးပေါ်သို့ ကျွန်တော် ရောက်သွားသည်။ နေဝင်ရီတရောအချိန်။ လှိုင်းတို့က တဝုန်းဝုန်း ရိုက်ခတ်လျက်။ ကျွန်းပေါ်ရှိ အချိုင့်အခွက်ဖြစ်နေသော နေရာကလေးများတွင် ပင်လယ်ရေတို့ တင်ကျန်ခဲ့သည်။ ရေထဲတွင်ကျောက်ငါးကလေးများ။ နောက်တစ်ခါ ဒီပြန်တက်လာသည့် အချိန်ကျမှ သူတို့ ပင်လယ်ဆီသို့ ပြန်နိုင်တော့မည်။ မြည်ဟီးနေသောလှိုင်းသံ များ၊ ဘဝ၊ ရှင်သန်ခြင်း ၊ရုန်းကန်ခြင်းနှင့် သေခြင်းတရား၊ လူသား၏ လက်ရှိရောက်နေရာနေရာ၊ အနာဂတ်တွင် ရောက်ရမည့်နေရာ… မျှော်လင့်ခြင်း လေပြည်လေညင်းများ၊ လိုနေတာကဓားတစ်လက်.. ဓားတစ်လက်မျှသာ….. ကျွန်တော် သံချောင်းကို ဖျတ်ခနဲမြင်ယောင်မိသည်။ ဆရာ့ကို သွားသတိရသည်။ အချိန်တွေ ပြောင်းလဲသွားကြသည်။ ဆရာ့ “ဓားတောင်“ ကမပြောင်းလဲ။ “သံချောင်း“ ဆက်ရှိနေ လိမ့်ဦးမည်။ သည်လိုပဲ ကျွန်တော် ယုံကြည်မိသည်။ ဒီတက်စပြုချိန်တွင် ကျွန်တော်ပြန်ခဲ့ပါသည်။ “ပေါင်းစည်းရင်း ကွဲလွဲနိုင်ကြပါစေ၊ ကွဲလွဲရင်းပေါင်းစည်း နိုင်ကြပါစေ“ ဆရာ့စကားကို ကျွန်တော် ကြားယောင်သည်။ “စာရေးဆရာ အလုပ်ကိုဂုဏ်သိက္ခာအရှိဆုံး အလုပ်လို့ ငယ်ငယ်ကတည်းက ယုံကြည်တယ်၊ ဂုဏ်သိက္ခာဆိုတာ ရုပ်ဝတ္ထုကြွယ်ဝတာကို ဆိုလိုတာမဟုတ်ဘူး၊ ရိုးသားမှုနဲ့ အမှန်တရားကို မြတ်နိုးမှုကို ဆိုလိုတာ“ ဆရာ့ ယုံကြည်ချက်ကို ကျွန်တော်ပြန်သတိရသည်။ ဆရာ၏ ရိုးသား၍ မာနကင်းသောအသွင်ကို ကျွန်တော် ပြန်မြင်ယောင်သည်။ ယခုတော့ ဆရာကွယ်လွန်ခဲ့သည်မှာ ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီ။ ဆရာကွယ်လွန်သောအခါ ဆရာချစ်ဝင်းမောင်က “အင်းဆက်တစ်ကောင်၏ နာရေးမဟုတ်ပါ“ ဟုရေးသားခဲ့သည်။ ဆရာမောင်သာချိုက “အစားထိုးမရတဲ့ တံတားကျိုးကျမှု“ ဟုဖွဲ့ဆိုသည်။ ဟုတ်သည်။ ဆရာသည်ကမ္ဘာ့ဂန္ထဝင်စာပေ အစုစုတို့နှင့် ကျွန်တော်တို့ မြန်မာလူထုအား ပေါင်းကူးဆက်သွယ်ပေးခဲ့သူ ဖြစ်သည်။ ဆရာသာမရှိခဲ့ပါက ကျွန်တော်တို့ ကမ္ဘာ့စာပေအဆီအနှစ်တို့ကို ဖတ်ရှုခွင့်ကြုံမည်မဟုတ်ဟု ပြောရလောက်အောင် ဆရာက အလုပ်အများကြီး လုပ်သွားခဲ့သည်။ ကျွန်တော်တို့ မျက်စိပွင့် နားပွင့်ခဲ့ရသည်။ ဆရာသည် မြန်မာပြည်အတွက် လူဖြစ်လာခဲ့သည်ဟုသာ ဆိုချင်ပါတော့သည်။ သည်ဘက်နောက်ပိုင်းတွင် ဆရာ၏ ဂုဏ်ပုဒ်များကို ကိုယ်စားပြု၍ ဆရာ့ကိုအမျိုးမျိုး တင်စားခဲ့ကြသည်။ကျွန်တော်ကတော့ ဆရာ့ကို “သံမဏိနှင်းဆီ“ ဟုတင်စားမိသည်။ ဟုတ်သည်။ ဆရာက နှင်းဆီ ဖြစ်သည်။ သူ့ရနံ့ကမွှေးသည်။ သူ့အဆင်းက လှသည်။ မြင်မြင်တကာလူတို့၏ အသည်းနှလုံးကို သိမ်းကြုံးဆွဲငင်နိုင်သည့် နှင်းဆီ။ သို့သော်သည်နှင်းဆီက သာမညနှင်းဆီမဟုတ်၊ သံမဏိနှင်းဆီ….....မီးတောက်မီးလျှံထဲတွင် ဖန်တစ်ရာတေအောင် ပြုပြင်စီရင်ထားသည့် နှင်းဆီ…။ ပြန့်ပြူး ညီညာသော မြေအပြင်တွင် သူမပွင့်၊ ကြမ်းတမ်းခက်တရော်သော ကန္တာမြေတွင်သာ သူပွင့်သည်။ လေပြည်လေညင်းကို သူမမျှော်၊ မုန်တိုင်းထဲတွင်သာ သူပျော်သည်။ သူ့ရနံ့က ဆင်စွယ်နန်းတော်ထဲမှ အခွင့်ထူးခံနေသူများ အတွက်မဟုတ်၊ ခရီးကြမ်း၌ ပန်းဟိုက်နွမ်းနယ်လာသူ လူသားအတွက်ဖြစ်သည်။ သံမဏိနှင်းဆီ ။ ဆရာ့ဘဝတစ်လျှောက်လုံး၌ ယုံကြည်ချက်နှင့် ပတ်သက်လာလျှင် မြဲမြံ ခိုင်ခံ့ခဲ့သည်။ အရေလည်းမပျော်ခဲ့၊ အရောင်လည်းမပြောင်းခဲ့။ ထို့ကြောင့် ကျွန်တော်ကဆရာ့ကို သံမဏိနှင်းဆီဟုတင်စားမိခဲ့သည်။ ယခု နှင်းဆီမရှိတော့ပြီ။ သို့သော်သူ့ရနံ့က မပြယ်၊မပျောက်။ ကြိုင်မြဲကြိုင်လျက်၊ လှိုင်မြဲလှိုင်လျက်။ တစ်နေ့သောအခါတွင် ကျွန်တော်တို့သည် “သံမဏိနှင်းဆီ“ ၏ အမည်နာမအား ယခုထက်ပို၍ ကျယ်ကျယ်လောင်လောင် ရွတ်ဆိုနိုင်ပါလိမ့်မည်။ နှင်းဆီ၏ရနံ့သည်လည်း ယခုထက်ပို၍ မြန်မာနိုင်ငံတစ်နံတစ်လျားသို့ ပျံ့နှံ့ရောက်ရှိ နိုင်ပါလိမ့်မည်။ ထိုရနံ့မှပင် ထုံကူးမျိုးပွားသန့်စင်ကာ နောက်ထပ် နှင်းဆီများ ထပ်မံပွင့်လန်းလာပါလိမ့်ဦးမည်။ ထိုတစ်နေ့တွင်ပင်… အရှေ့တစ်ခွင်လုံးသည် နီမောင်းသော အလျှံရောင်ခြည်တို့ဖြင့် အမှန်တစ်ကယ်ပင် စိုစွတ်တောက်ပ နေပါလိမ့်မည်။ ။ စာပေသစ္စာဖြင့် ----ညိုထက်ညို----





2 comments:
ကောင်းမှကောင်း သူငယ်ချင်းရေ... ဖတ်ရင်းနဲ့လဲ လေးစားအားကျစိတ်တွေ ဖြစ်မိတယ်... သံမဏိနှင်းဆီ အဝေးတစ်နေရာကနေ သာဓုခေါ်နိုင်ပါစေကွာ...
အကိုကြီးရေ ဆရာ့အကြောင်းကို ထိတွေ့ဖူးတဲ့အတိုင်းအသေးစိတ်ခြယ်မှုန်းပြထားတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာဗျာ။ဖတ်လို့လဲတ
အားကောင်းတယ်။ရေးထားတာလည်းညက်နေတာပဲ။
ဆရာလည်းရောက်ရာအရပ်ကနေ ကျေနပ်မှာပါအကိုကြီးရေ။ ဒီလိုအကြောင်းတွေဖတ်
ရတာ သိပ်ကျေးဇူးတင်တာပဲဗျာ ။ တဖွဲ့သားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ :)
Post a Comment