Thursday, January 31, 2008

ဘီလူး

နေဆယ်စင်းလို ပူပြင်းတယ်ဆိုမှ

ဘုန်းတန်ခိုးတွေ အသုံးများလှချည်လား။

လတ်တယ်လို့ ပြောကာမှ

လွတ်ထုတ် ပြလိုက်တာလား။

မြောက်ပြန်လေ တိုက်နေလည်း

ပါတော်မူခန်းတွေ မဆုံးသေးပါလား။

စေတနာ အထားမှားလို့များ

သားသတ်သမားတွေ ချည်းတွေ့နေပါလား။


(အိပ်မက်များ၏ပိုင်ရှင်အတွက်...)

မောင်သွေးဆပ်

ဆက်ဖတ်ရန်...

Sunday, January 27, 2008

Wordpress Database Backup

Free Hosting တွေမှာ Wordpress သုံးရတာ ရင်တထိပ်ထိပ်နဲ့၊ ဘယ်တော့များ ကိုယ့်ဘလော့ဂ် ပျက်သွားမလဲ။ ဘာတွေဖြစ်ဦးမလဲနဲ့။ အခုတလော byethost.com က MySQL server upgrade လုပ်တော့ ကျွန်တော်တို့ wordpress သမားတွေ အတော် ခေါင်းစားသွားတယ်။ နေ့စဉ် backup လုပ်ပေးနိုင်မဲ့ plugin များရှိမလားလို့ ရှာကြည့်တော့ wp-db-backup ဆိုတာကို သွားတွေ့တယ်။ သုံးကြည့်တာ အဆင်ပြေတာနဲ့ ဝေမျှလိုက်ပါတယ်။


ပထမဆုံး plugin ကို ဒေါင်းလုပ်ချပါ။ cpanel.byethost13.com / file manager / တဆင့် wp-content / plugins ထဲကို ပြန်တင်ပါ။ ပြီးလျှင် wordpress ကိုဖွင့်ပါ။ Dashboard / plugin ထဲမှာ ပုံမှ ပြထားတဲ့အတိုင်း Wordpress Database Backup ကိုတွေ့ပါမယ်။ Activate လုပ်ပါ။


Dashboard / Manage ကိုသွားပါ။ အရင်ရှိပြီးသား Posts Pages Uploads တွေအပြင် backup ဆိုတာကို တွေ့ရပါမယ်။ Backup ထဲကို ၀င်ပြီး setting ကိုလိုသလို ပေးပါ။ backup တစ်ခါပဲ လုပ်မလား၊ အီးမေးလ်ကိုပဲ နေ့တိုင်းပို့ခိုင်းမလား အတော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။



ဘလော့ဂ်မှာ ပြသနာတခုခု ပေါ်လို့ restore ပြန်လုပ်မယ်ဆိုရင် cpanel.byethost13.com / Databases / MySQL databases ကိုသွားပါ။ ပုံမှာပြထားသလို မိမိရဲ့ database ကို တွေ့ပါမယ်။ Admin ကိုနှိပ်ပါ။



အောက်တွင်ပြထားသလို import ကိုနှိပ်ပါ။



အီးမေးလ်က backup လုပ်ထားတဲ့ နောက်ဆုံးဖိုင်ကို ဒေါင်းလုပ်ချပြီး zip ဖြေပါ။ import တွင် ဖိုင်ကိုကို upload တင်ပါ။



upload တင်တာအဆင်ပြေရင် အခုလို တွေ့ရပါလိမ့်မယ်။



database restore အောင်မြင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်စမ်းကြည့်သလောက် ပို့စ်တွေ ကော့်မန့်တွေ အကုန်လုံး restore လုပ်ပေးနိုင်ပါတယ်။ wordpress export xml နဲ့မတူတာက ဖျက်လိုက်တဲ့ ပို့စ်တွေ ကောမန့်တွေအရင်အတိုင်း ပြန်ဖြစ်သွားပြီး ပို့စ်နှစ်ခု ထပ်နေတာမျိုးလဲ မဖြစ်ပါဘူး။ database တစ်ခုလုံးဖျက်၊ wordpress ဖိုင်တွေလဲ အားလုံးဖျက်ပြီး စမ်းတော့လဲ အကုန်အဆင်ပြေပါတယ်။ add ထားသမျှ user တွေ login name , password တွေပါ အရင်အတိုင်း အကုန်ရပါတယ်။ ဒါပေမဲ့ အခြား hosting မှာ import လုပ်တာတော့ မအောင်မြင်ပါဘူး။ ကျွန်တော့် နားမလည်လို့လဲ ဖြစ်နိုင်ပါတယ်။ byethsot မှာ မဟုတ်ဘဲ အခြားကို ပြောင်းမယ်ဆိုရင်တော့ export xml နဲ့က ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တခု သူ့ရဲ့ အားသာချက်က xml မှာလို ဖိုင်ဆိုဒ် 1MB သတ်မှတ်ချက်မရှိပဲ byethsot မှာ 40MB အထိ database ကို restore ပြန်လုပ်ပေးနိုင်တယ်။

ဆက်ဖတ်ရန်...

နိပွန်ပြည်မှအိမ်သာယဉ်ကျေးမူ

ဒီနိုင်ငံအကြောင်း ဖတ်ဖူးကြားဖူးတာကြာပါပြီ။ သန့်ရှင်းသည်။လူမျိုးရေးကြီးသည်။ အလုပ်ကို အရူးအမူးလုပ်ကြသည်။စုံလို့ပေါ့။ အကြောင်းစုံလို့ ဂျပန်ပြည်ကို အလည်တခေါက်ရောက်ခဲ့ သည်။ အစားအသောက်များကလည်းကောင်းမှကောင်း။ စားလိုက်သောက်လိုက် နဲ့ ၀မ်းရှင်းရမဲ့ အချိန်ရောက်မှ အိမ်သာကို သတိရသည်။

အိမ်သာတံခါးကိုဖွင့်လိုက်တော့ အနောက်တိုင်းစတိုင် အိမ်သာမှ အဖုံးက အလိုလိုပွင့်သွား သည်။ ဒီလောက်နဲ့ကတော့ ငါတို့ကတော့ အထင်မကြီးသေးပေါ့။ အိမ်သာကို ထိုင်လိုက်တော့ အိမ်သာထိုင်ခုံလေးက နွေးလို့။ အသေအချာ ကြည့်လိုက်တော့မှ လျှပ်စစ်နဲ့အပူပေးထားမှန်း သိသည်။ အော်.. ဒါလေးများပေါ့။ ကိစ္စပြီးတော့ မှ သတိထားမိတာက အိမ်သာစက္ကူ ကုန်နေသည်။ပြဿနာဘဲ။ ဘေးဘီကြည့်တော့ ဂျပန်လိုရေးထားတဲ့ခလုတ်တွေတွေ့ရော။


ကိုယ်ကလည်းဂျပန်စာမတတ်။ပုံလေးတွေတော့ပါပါတယ်။ ကဲလေ မထူးပါဘူးဆိုပြီး နှိပ်ကြည့်တော့ စအိုတည့်တည့်ကို ရေးနွေးနဲ့ ဖြည်းဖြည်းလေး ထိုးလိုက်ပါလေရော။ ဘယ်လိုခံစားရမည်ကို စဉ်းစားခံစားကြပါ။ ခက်တာက ဘယ်လိုရပ်ရမယ်လဲမသိ။ ထလို့လဲ မဖြစ်။ ရေတွေကပန်းနေတုန်း။ နောက်ဆုံးမထူးပါဘူး ဆိုပြီး နောက်ခလုတ်တခု ပြောင်းနှိပ်လိုက် တော့ ရေပန်းကရပ်သွားပြီး လေပူနွေးနွေး လေး မူတ်ခါ အခြောက်ခံပေးနေတော့သည်။ အဲဒီမှာမှ ဒီလူမျိုး ဇိမ်ခံတတ်ပုံကို သဘောကျမိသည်။ ရေဆွဲခလုတ်နှိပ်လိုက်တော့ အိမ်သာအဖုံးက သာသာလေးပိတ်ကျသွားပြီး ရေဆွဲချသွားသည်။ စပ်စုကာအိမ်သာအဖုံးကို လှန်ကြည့်လိုက်တော့ အိမ်သာက အသစ်အတိုင်း။ အဖုံးကို ခပ်ကြမ်းကြမ်းလည်းပိတ်လို့မရအောင်လုပ်ထားသည်။ အော် အဲဒါ အိမ်သာတဲ့။

အဲဒါနဲ့ သူတို့ရဲ့အိမ်သာယဉ်ကျေးမူကို လေ့လာကြည့်မိသည်။ ဂျပန်ပြည်မှ အိမ်သာ နှစ်မျိုးရှိသည်။ တမျိုးမှာ မြန်မာပြည်ကလို့ ဆောင့်ကြောင့်ထိုင်သော အိမ်သာများ။ (အခု တော့ သုံးသေးလားမသိ။) နောက်တမျိုးက ရေစုံမီးစုံ လျှပ်စစ်နဲ့ ဗိုလ်ထိုင်အိမ်သာ။ သူတို့ ခေါ်တော့ Shower toilet တဲ့။ အမျိုးအစားတော့ အမျိုးမျိုးရှိသည်။ ထိုင်ခုံလောက်ပဲ အပူုပေးတဲ့ ရိုးရိုးကနေ ကျောကိုပါ ဖုလုံးနဲ့နှိပ်ပေးတဲ့ အဆင့်မြင့် ရှယ်အမျိုးအစားအထိ။ ဒီအိမ်သာတွေက သူတို့နိုင်ငံက စထွင်တာတော့မဟုတ်။ Switzerland မှာ လူအိုရုံတွေမှာ စသုံးတာ။ ဂျပန်ပြည်မှ လည်း အသက်ကြီးတဲ့သူတွေများတော့ ဆောင့်ကြောင့်ထိုင်အိမ်သာများကို အစားထိုးရင်း လူကြိုက်များ လာတော့သည်။ နောက်ပိုင်းတော့ သူတို့ဘာသာ ထွင်ရင်းပြုရင်းနဲ့ ပုံစံအမျိုးမျိုး ဈေးအမျိုးမျိုးဖြစ်လာသည်။

ဈေးကလည်းပေါသည်မဟုတ်။ ရေပူရေအေးချိန်လို့ရပြီး ရေမူတ်လေမူတ်တဲ့ အိမ်သာမျိုးဆိုရင် ဒေါ်လာ ၄၀၀၀ ကျော်လောက်ကြသည်။ ခလုတ်တွေက လည်းစုံတော့ တခါအိမ်သာ တက်တိုင်း စမ်းစမ်းကြည့်သည်။ အမျိုးသမီးများ အပေါ့သွားပြီး ရေဖြန်းခလုတ်။ အလေးသွားပြီး ရေဖြန်းခလုတ်(အပြင်း၊အပျော့)။ လေမုတ် ခလုတ်။ ထိုင်ခုံနဲ့ ရေ အပူအအေးချိန်ခလုတ်။ ရေဆွဲခလုတ် (အပေါ့၊အလေး)။ တချို့ အဆင့်မြင့်မော်ဒန်ဆို ရေဒီယို။ အကြောဖြေခလုတ်။ နောက်ဆို ဂြိုလ်တု တောင် အိမ်သာထဲကလွတ်မလားမသိ။

ရေဆွဲတာကအစ လျှပ်စစ်နဲ့ဆိုတော့ မီးမလာရင် ဘယ်လိုလုပ်မလဲလို့ မြန်မာ အတွေးနဲ့တွေးပြီး မေးကြည့်တော့ တခါမှ အလိုမစဉ်းစားမိဘူးတဲ့။ အမေးခံရတဲ့သူကတော့ စိုးရိမ်စိတ်ဝင်သွားပုံရတယ်။ နောက်မှ သူ့တသက်မှာ တခါမှ မီးပြတ်တာ မကြုံ့ဘူးလို့ မသိဘူးတဲ့။ ကောင်းရော။ အဲဒီအိမ်သာအမျိုးတွေကလည်း တခြား အာရှနိုင်ငံတွေမှ ခေတ်စား လာတယ်ဆိုဘဲ။ ကိုရီးယား၊စင်ကာပူနဲ့တရုတ်ပြည်က ပိုက်ဆံချမ်းသာသူများကလည်း ဒါမျိုးတွေ သုံးလာပြီတဲ့။ မြန်မာပြည်ကို တလုံးလောက်သွင်းပြီး တခါတက် ၅၀၀ လောက်နဲ့ စီးပွားရှာရင် ဖြစ်လောက်တယ်။ မြန်မာ စီးပွားရေးသမားများ စဉ်းစားနိုင်အောင်ပါ။

ဆောင့်ကြောင့်ထိုင်တဲ့အိမ်သာတွေကတော့ သက်တောင့်သက်သာမရှိလှ။ ဒါပေမဲ့ ကိုယ်ရှေ့မှာ ဘားတန်းတွေရိုက်ထားတော့ အထိုင်အထတော့ မဆိုးလှ။ ၀မ်းချုပ်ရင်လည်း အသုံးဝင်မယ်လို့ တွေးမိသည်။ အိမ်သာတော့ အတော်ပေါသည်။ ဘယ်နားသွားသွား အများသုံးအိမ်သာ များကို တွေ့ရသည်။ အများစုကတော့ သန့်သန့်ရှင်းရှင်းရှိသည်။ နောက်လူကိုလည်း အားနာပုံရသည်။ထိုင်ခုံကအစ သန့်ရှင်းပြီးမှ အိမ်သာထဲက ထွက်ကြသည်။ ကလေးရှိတဲ့မိဘများအိမ်သာ တက်ရင်လည်း အဆင်ပြေအောင် အိမ်သာထဲမှာ ကလေးထည့်ဖို့နေရာလေးတွေလုပ်ပေးထား သည်။ မျက်မမြင်များအတွက်လည်း များပြားလှသောခလုတ်များကို မျက်မမြင်စာ ဖြင့်ရေးထား သည်။

အိမ်သာဆိုတာ ဘ၀မှာ အတော်အရေးကြီးတဲ့အရာဆိုတာကို သိထားပေမဲ့ အဲဒီလောက်ကြီး ကျကျနနနဲ့ ဇိတ်ခံအပန်းဖြေတတ်တဲ့ဂျပန်များကို အံသြမိသည်။ ကြုံကြိုက်ရင် တက်ခဲ့ပြီး ဘယ်လိုခံစားရလဲဆိုတာ ပြောပြကြပါ။

ကျော်မိုးဥာဏ်

ဆက်ဖတ်ရန်...

Saturday, January 26, 2008

ချိန်းတဲ့ည

အာခေါင် တစ်ခုလုံး ခြောက်သွေ့ခဲ့
နာနာကျင်ကျင် ဒီလို ခံစားရတဲ့အခါ
ရူးနေတယ်လို့ လူတွေ ပြောကြမယ်
ကြီးကြီးကျယ်ကျယ် တို့တွေအကြိမ်ကြိမ် မူးယစ်ခဲ့
သန်းခေါင်ထက် ညဥ့်မနက်တော့ဘူး ညီမလေးရဲ့
ရွှေ စင်တစ်တင်းနဲ့ တို့ချစ်ခြင်းကို မလဲရက်ခဲ့ဘူးကွယ့်၊ သိရဲ့လား ။ ။


ဆရာစောဝေ ၏ “ဖေဖော်ဝါရီ ဆယ့်လေး“ ကဗျာအားခံစားရေးဖွဲ့ ပါသည်။

ညိုထက်ညို

ဆက်ဖတ်ရန်...

Tuesday, January 22, 2008

မဲဆောက် .. overview

မဲဆောက် လို့ပြောလိုက်တာနဲ့ ထိုင်းမြန်မာနယ်စပ်က မြို့လေးမှန်း အတော်များများ သိကြပါတယ်။ အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လုံခြုံရေးလဲ မကောင်း၊ အမည်းရောင်နယ်မြေ၊ တော်ယုံ မသွားရဲတဲ့ နေရာ။ အခုတော့ KNU ဆိုတာကိုလဲ ကြောက်စရာမလို၊ ပုံမှန်ခရီးသည်တင် ကားတွေအပြင် အစစ်အဆေးကင်းတဲ့ DKBA ကားတွေနဲ့လဲ သွားလာနိုင်တော့ ပြည်တွင်းက လွယ်လွယ်ကူကူ လာရောက်လည်ပါတ် နိုင်ကြပါပြီ။ မြန်မာဘက်ကမ်း မြ၀တီမြို့ကနေ တံတား ကူးပြီး မဲတော်၊ မဲတော်မှ တဆင့် 7ကီလို အကွာမှာ ရန်ကုန်မြို့မြို့တွင်း 6 မြို့နယ်စာလောက် အကျယ်အ၀န်းရှိတဲ့ မဲဆောက်မြို့ တည်ရှိပါတယ်။ ပြန့်ပြူးတဲ့ လမ်းတွေ၊ သစ်လွင်တဲ့ အဆောက်အဦးတွေနဲ့ မြို့လေးဟာ သပ်သပ်ရပ်ရပ် ရှိပါတယ်။ မဲဆောက်မြို့ အနီးပါတ်ဝန်ကျင်မှာ ရေတံခွန်၊ ရေပူစမ်း၊ ရေကာတာ၊ ပန်းခြံ၊ ဘုရား စတဲ့ လည်ပါတ်စရာ နေရာတွေလဲ 4-5 ခုလောက် ရှိပါတယ်။

ကျွန်တော် သတိထားမိသလောက် 2000ခုနှစ် နောက်ပိုင်း ပြည်တွင်းမှာ စီးပွားရေး ပိုမိုကျပ်တည်း လာတာနဲ့ မြ၀တီ-မဲဆောက် ကို အလုပ်လာရှာကြတာလဲ တစ်နှစ်ထက် တစ်နှစ် ပိုပိုများများလာပါတယ်။ အရင်က နီးကပ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တွေကသာ အလုပ်လာလုပ်ကြတာ များပေမဲ့ အခုတော့ ပဲခူးပါတ်ဝန်းကျင်၊ ဧရာဝတီတိုင်း၊ မြေလတ်ပိုင်းဒေသတွေပါမကျန် တဖွဲဖွဲရောက်လာ ကြတာတွေ့ရတယ်။ ထိုင်းနိုင်ငံအတွင်းပိုင်းမှာနဲ့ယှဉ်ရင် လုပ်အားခလဲ သက်သာ အလုပ်သမားလဲ မရှားတာကြောင့် မဲဆောက်မှာ အထည်ချုပ်စက်ရုံတွေလဲ တဖြေးဖြေး ပိုများလာတယ်။ အခုဆို မဲဆောက်မှာ မြန်မာ လူဦးရေက ထိုင်းလူမျိုးထက်တောင် များတယ်လို့ သိရပါတယ်။ မြန်မာဘုန်းကြီးကျောင်း၊ မြန်မာစကားပြောသံတွေပဲ ကြားရတဲ့ဈေး၊ မြန်မာစတိုလ် လက်ဖက်ရည်ဆိုင်တွေနဲ့ မြန်မာပြည်က မြို့တစ်မြို့နဲ့ သိပ်မခြားလှပါဘူး။ ကွာတာကတော့ 24 နာရီလာတဲ့မီးနဲ့၊ ကျော်ခွစရာမလိုတဲ့ အင်တာနက်ပါပဲ :P ။

မြ၀တီမြို့ အနီးတ၀ိုက်မှာ ဝှေ့ရှမ်း လို့ခေါ်တဲ့ ထိုင်းတိုင်းရင်းသားတွေ နေတဲ့ ရွာလေးလဲ ရှိပါသေးတယ်။ သူတို့ကတော့ ပြောင်းပြန် မြန်မာနိုင်ငံ မှာ အခြေချ နေထိုင်ကြတဲ့ ထိုင်းတိုင်းရင်းသားတွေပေါ့ဗျာ။ အရင် မြန်မာနိုင်ငံ အစစအရာရာမှာ ထိုင်းထက် သာလွန်စဉ် အချိန်က ပြောင်းရွှေ့နေထိုင်ကြသူတွေပေါ့။ အခုတော့လဲ နည်းမျိုးစုံနဲ့ ထိုင်းကို ပြန်ဝင်ဖို့ ကြိုးစားကြပါတယ်။ ထိုင်းနိုင်ငံအထက်ပိုင်း ဘာသာစကားကို ပြောတတ်ကြတော့ သူတို့အတွက် အခက်အခဲသိပ်တော့ မရှိကြပါဘူး။ ထိုင်းဘက်က အမျိုးတွေ ရှိလို့ ထောက်ခံပေးရင် PR အနေအထားမျိုး အချို့လဲ ပြန်ရကြပါတယ်။

မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်မှုလမ်းကြောင်း ဖြစ်တဲ့ မဲဆောက်မြို့ဟာ ဆယ်စုနှစ်တစ်ခု အတွင်းမှာ လျှင်လျှင်မြန်မြန်ပဲ ဖွင့်ဖြိုးလာပါတယ်။ အရင်က တောသာသာပဲ ရှိခဲ့ရာက အခုတော့ ကွန်ကရစ်လမ်းတွေ မီးပွိင့်တွေ၊ တဲသာသာအိမ်တွေကနေ သုံးထပ် လေးထပ် တိုက်တွေဖြစ်ကုန်ကြပါပြီ။ ထို့အတူပဲ မြန်မာဘက် မြ၀တီမြို့လဲ အထိုက်အလျောက် တိုးတက်လာခဲ့ပါတယ်။ မဲဆောက်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းရှင်အများစုဟာ မြန်မာပြည်ပေါက် တရုတ်တွေ ၊ ဆစ်လူမျိုးတွေ၊ မွတ်စလင်တွေ ဖြစ်ပါတယ်။ မိဘလက်ထက်ထဲက ဒီကိုရောက်နေတဲ့သူတွေ၊ ငယ်ငယ်ကတည်းက ဒီကိုရောက်နေတဲ့သူတွေပေါ့။ သူတို့အများစုဟာ မြန်မာစကားကို ရည်လည်အောင် ပြောတတ်ပြီး ထိုင်းကျောင်းကိုလဲ အတော်အသင့် တတ်ဘူးကြသူတွေဖြစ်ပါတယ်။ မဲဆောက်စီးပွားရေး အကောင်းဆုံးကာလ မြန်မာပြည်ကို ဘာဖြစ်ဖြစ် ရောင်းလို့ရတဲ့အချိန်ကောင်းကို မှီခဲ့ကြသူတွေဖြစ်ပါတယ်။ နောက်တစ်အုပ်စုက နယ်စပ်ကို ရောက်တာ ကြာပေမဲ့ မဲဆောက်မှာ အခြေမချပဲ နယ်စပ် KNU ခေတ်ကောင်းစဉ် နယ်စပ်စခန်းတွေမှာ စီးပွားရေးလုပ်ခဲ့ကြပြီး နောက်ပိုင်းမှ မဲဆောက်ကို ရွေ့လာကြသူတွေဖြစ်ပါတယ်။ ဒီအုပ်စုလဲ အခုနောက်ပိုင်း မဲဆောက် စီးပွားရေးမှာ တစတစနေရာ ၀င်ယူလာကြပါတယ်။ ဒေသခံ ထိုင်းနိုင်ငံသားများကတော့ ကူးသန်းရောင်းဝယ်ရေးမှာ နေရာသိပ်မယူနိုင်ပဲ အစိုးရအမှုထမ်း၊ စိုက်ပျိုး၊မွေးမြူရေးနဲ့ ပါတ်သက်တဲ့ အပိုင်းတွေမှာ အဓိက လုပ်ကိုင်ကြပါတယ်။ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ထိုင်းဘက်မှ စားသောက်ကုန်၊ အ၀တ်အထည်၊ ဆေးပစ္စည်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ အလှကုန်ပစ္စည်းမျိုးစုံ တို့ဖြစ်ပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ သစ်၊ ကျောက်မျက်ရတနာတွေနဲ့ အဓိကမြန်မာပြည်ကိုပြန်ဝင်တဲ့ ငွေဟာ များပြားလှတဲ့ မြန်မာအလုပ်သမားတွေရဲ့ လစာငွေ ဖြစ်ပါတယ်။

မဲဆောက်မြို့မှာ အခြေချနေထိုင်ကြတဲ့ အနောက်နိုင်ငံသားအချို့လဲ တွေ့ရပါတယ်။ သူတို့ကတော့ အများအပြားရှိတဲ့ NGO အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေမှ ၀န်ထမ်းတွေ၊ အားပေးကူညီသူတွေ ဖြစ်ပါတယ်။ တိုးရစ်သက်သက်မျိုးလဲ လာလည်ကြတာ တွေ့ရပါတယ်။

မဲဆောက်မှာရှိတဲ့ မပြောမဖြစ်တစ်ခုက မြန်မာဘလော့ဂ်ဂါတွေလဲ ရှိတယ် ခင်ဗျ။ များသောအားဖြင့် နိုင်ငံရေးအရောင်သွေးပါတဲ့ ဘလော့ဂ်ဂါတွေ များကြပါတယ်။ နိုင်ငံရေးနဲ့ မဆက်နွယ်ပဲ အားအားယားယား ရေးတာက ကျွန်တော် မောင်သင်္ကြန်၊ မောင်မျိုး(ရင်တွင်းဖြစ်) အစရှိသည်တို့ ဖြစ်ပါတယ် ခင်ဗျား... :D ။

ဆက်ဖတ်ရန်...

Thursday, January 17, 2008

ကျွန်တော်….ခြောက်သွေ့ညှိုးရော်

မီးကြီးဖွင့်မှမြင်လိုက်ရတာလူ့ဘဝလား
ဆီသည်မလက်သုတ်ဖတ်လိုအချစ်ဆိုတဲ့စကားလုံးတွင်တွင်သုံးလို့
ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ခဏခဏစိတ်ပျက်တယ်
အရှိန်ပြင်းပြင်း
စိတ်ကိုဟင်းလင်းဖွင့်လိုက်ပါ၊အသံမမြည်အောင်
ကိုယ့်တံခါးကိုယ်ပိတ်လိုက်ပါ၊နေထိုင်မှုအနုပညာ
ခိုးကြောင်ခိုးဝှက်၊ကျွန်တော်ကော်ရစ်ဒါမှာအိပ်စက်တယ်
နှုတ်မှအသံမထွက်သော်လည်းနှလုံးမှအသံထွက်
စားဝတ်နေမှုဆိုတာအတော်ရင်ခုန်စရာကောင်းတဲ့နောက်ဆုံးဖဲတစ်ချပ်ပါလား
အခုကျွန်တော့်လက်တုန်နေတာလောကကြီးသတိထားမိသွားပြီ
ကျွန်တော်သတိရခြင်းနဲ့အစာချက်လုပ်တာချစ်သူရိပ်မိသွားပြီ
ကျွန်တော့်မှာတစ်ရွက်မှမရှိတာငှက်ကလေးနားလည်သွားပြီ
ဆာလောင်မွတ်သိပ်ခြင်းထက်ခွန်အားကြီးမားသူသည်မြေအပြင်ဝယ်မရှိ
အခုခေတ်စားနေတာဘယ်သူ့ဒဿနလဲ
အပြင်ပန်းမှာကမ္ဘာကြီးဟာတပ်မက်ချင်စရာကောင်း
အတွင်းသားမှာကျွန်တော်တို့အားလုံးဟာပျို့အန်ချင်စရာကောင်း
ကျွန်တော်လည်းငယ်ရွယ်စဉ်ကကျေးလက်ဆန်ခဲ့ဖူးရဲ့
ချစ်သူရဲ့လက်ကိုဆွဲယူသွားသူဟာဇွန်လ၂၁ ရက်ဖြစ်တယ်



ကဗျာဆရာဆိုတာဒဏ်ရာတွေကိုဆေးမထည့်ဘူး၊ကျွန်တော်ဟောင်းနွမ်းဖူးတယ်
အဖေကျွန်တော့်ခေါင်းပွတ်ဖူးသလိုကျွန်တော်ချစ်သူ့ခေါင်းပွတ်ဖူးရဲ့
မျှော်လင့်ခြင်းကိုဘယ်တော့မှချိုတပ်မပေးနဲ့၊ ပိုနေမြဲကျားနေမြဲ
သူနဲ့ကျွန်တော့်ကြားသမုဒ္ဒရာခြားလို့၊ ငှက်ကလေးကဘာလို့မေးခဲ့သလဲ
ကျွန်တော်အမြစ်တွယ်ပြီလားလို့ကျွန်တော့်ကိုဘာလို့မေးသလဲ
ကမ္ဘာကြီးကလည်နေတယ်၊ ကျွန်တော်ကအခုရပ်နေတယ်
ပြတ်တောင်းပြတ်တောင်း၊ လူတွေပြောကြသလိုကျွန်တော့်အခွေကထစ်အတယ်
သူငယ်တန်းလောက်ဘဝအကြောင်းသင်ခဲ့ဖူးရဲ့
ဥမမယ်စာမမြောက်၊ ကျွန်တော့်ကိုချာတိတ်တစ်ယောက်လို့
အထင်တသေးဆက်ဆံတတ်သူဟာ၊ အများနဲ့မတူ
လူကိုညှို့ယူတတ်တဲ့ခေတ်ပေါ်ကောင်မလေးများဖြစ်တယ်
ဒီလောက်ကလေးမလုံ့တလုံနဲ့ ကျွန်တော့်ကိုနှိုးဆွလို့မရဘူး
သွေးသားသောင်းကျန်းမှုဟာနေလိုပွက်ပွက်ဆူရဲ့
ဒါနဲ့ ကမ္ဘာလည်နေတာလူနည်းနည်းလေးပဲနားလည်
ဒါနဲ့များကြီးကြီးကျယ်ကျယ်ကျွန်တော်က ကမ္ဘာကိုရပ်ချင်သေး
အခြေအမြစ်မရှိ စိတ်နဲ့ကိုယ်နဲ့ကပ်မိချိန်
ကျွန်တော်ရှစ်လွှာမှာ သေခြင်းတရားနဲ့မှန်တစ်ချပ်ခြားလို့
နောက်ပြန်မလိမ့်အောင် ကိုယ့်ကိုယ်ကိုယ်ထိုးခံလိုက်မိတယ်
ငှက်ကလေး၊ မနက်ဖြန်သင်မယ့်သင်ခန်းစာ
ကျွန်တော့်ချစ်ခြင်းမေတ္တာဖြစ်လိမ့်မယ်။ ။

ညိုထက်ညို

ဆက်ဖတ်ရန်...

Monday, January 14, 2008

အချစ်

ညီမလေး သဇင်ဏီက အချစ်အကြောင်း ရောက်တတ်ရာရာ ရေးပါလို့ တတ်ထားပါတယ်။ ခက်တာက ကျွန်တော်ကလဲ ဒီအရွယ်ထိအမြီးမပေါက်တဲ့မျေက် လို့ ခဏခဏ ပြောခံနေရတော့ ဘယ်လိုရေးရမှန်းကို မသိတော့ပါဘူး။ စိတ်ထဲရှိသလို ရေးတယ်ကွာ ........ :P

အချစ်ကို လူတွေ အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ကြတယ်။ ကျွန်တော်က ဒီလိုထင်တယ်။ သာယာမှု နဲ့ သံယောဇဉ် ပေါင်ထားတာ အချစ်ပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ရည်၊ ဟန်အမူရာ၊ အပြောအဆို၊ အထိအတွေ့၊ စိတ်သဘောထား တွေနဲ့ စပြီး သာယာမှု ဆိုတာဖြစ်လာတယ်။ အဲဒီ သာယာမှုကို နောက်ထပ် နောက်ထပ် ရအောင် ဖန်တီးဖြစ်မယ်။ အဲဒီကတဆင့် သံယောဇဉ်နဲ့ ပေါင်းစပ်ပြီး အချစ် သို့မဟုတ် ရူးသွပ်စွာစွဲလမ်းမှု ဖြစ်လာရတယ်ပေါ့။ အဲဒီ အချစ်စိတ် (သို့) ရူးသွပ်စွာစွဲလန်းမှုဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ် စိတ်နေသဘောထားကို မူတည်ပြီး အချို့က ပိုင်ဆိုင်ရမှ၊ အချို့ကစွန့်လွှတ်ပြီးချစ်မယ်၊ အချို့ကတော့ သူ့အတွက်ဆို ဘာလုပ်ရလုပ်ရ၊ အချို့ကျပြန်တော့ နားလည်မှုအရေးကြီးဆုံး၊ စသည်ဖြင့် အမျိုးမျိုး ကွဲသွားပါတယ်။ အရောင်တွေနဲ့လည်း အချစ်ကို သရုပ်ခွဲတတ်ကြသေးတယ်။ ဒါကြောင့် ဘယ်လိုပုံစံမျိုးမှ အချစ်စစ် ဘယ်လိုဆိုရင်တော့ဖြင့် အချစ်တုရယ်လို့ အမှားအမှန် ခွဲလို့ရတဲ့ သဘောမျိုးရှိတယ် မထင်ဘူး။ သေချာတာ တစ်ခုကတော့ အချစ်စိတ်ဟာ ကြီးမားတဲ့ power ကို ဖြစ်စေပါတယ်။ ရာဇ၀င်သမိုင်းတွေမှာ အထင်အရှား ရှိခဲ့တာပဲလေ။ အချစ်ရဲ့ အစပိုင်းအချိန်တွေမှာ သာယာမှုဟာ အားကြီးတတ်ပြီး အချိန်တခု ရှိလာတဲ့အခါ သံယောဇဉ်က ပိုအားကောင်း လာပြန်တယ်။ အဲဒီနှစ်ခုထဲက တခုခု ကုန်သွားလျှင်တော့ စိတ်ကုန်တယ် ဆိုတာမျိုး ဖြစ်လာတာပေါ့။ နှစ်ခုစလုံးကုန်သွားရင်တော့ အချစ်စိတ်လဲ မရှိနိုင်တော့ပါဘူး။ အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတာကိုတော့ လိုတာမရတဲ့ ဒေါသ သက်သက်လို့ပဲ ယူဆပါတယ်။ သာယာမှုရှိပြီး သယောဇဉ်အားကြီးတဲ့ အချစ်စိတ်ဟာ ကျွန်တော့်အတွက်တော့ အခိုင်ခန့်ဆုံးလို့ ထင်မိတာပါပဲ။

ယောက်ျားလေး အချို့က သူတို့ချစ်သူကို သမ္မာကျမ်းစာထဲက ကမ္ဘာဦးလူသား အာဒံရဲ့ နံရိုးတစ်ချောင်းနဲ့ အေးဝ အဖြစ်ဖန်ဆင်းတယ် ဆိုတာကို အစွဲပြုပြီး တင်စားတတ်ကြတယ်။ ဂရိနတ်ဘုရား ပုံပြင်ထဲက ခေါင်းနှစ်လုံး လက်လေးဖက်နဲ့လူကို ကိုခွဲထုတ်လိုက်တယ် ဆိုတာနဲ့လဲ တင်စား ကြသေးတယ်။ ကျွန်တော့်ကတော့ နှစ်ခုလုံးပါအောင် “နံရိုးတစ်ချောင်းနဲ့ဖန်ဆင်းထားတဲ့ နောက်တစ်ခြမ်းရေ.. တို့တတွေ သာယာမှုရှိပြီး သံယောဇဉ် အားကြီးကြီးနဲ့ ဘ၀အတူတူ ဖြစ်သန်းရအောင်နော်..” လို့ တစ်ဦးတစ်ယောက်ကို ပြောပြချင်ပါတယ်။

ဆက်ဖတ်ရန်...

Wednesday, January 9, 2008

ကိုယ့်ရဲ့ဖြစ်ရပ်မှန်

ဒီတစ်ကြိမ်

ငါပြန်ရောက်တော့

တစ်ကယ်ရွာမယ့်မိုးသားတွေ

အလိပ်လိုက်ဝေဆာ

ဒီနေရာမှာ

ပေါင်မုန့်၊အချစ်၊သစ်ပင်ရိပ်

အားလုံးအကြုံးဝင်ပါလိမ့်မယ်

သင်အားရအောင်စားစမ်း

ကံတရားဆိုတဲ့ပုဂ္ဂိုလ်ကြီး

ကျုပ်ဒုက္ခတွေမှာ

မှတ်သားစရာများ

ထူးထူးခြားခြားလောင်မြိုက်ခဲ့

အမှားတွေက

ညပေါ်လိမ့်ကျ



ညတွေက

အမှားပေါ်လိမ့်ကျ

အမှန်တစ်ကယ်ပြုပြင်ပါတော့မယ်

ဒီစကားမဆုံးမီ

ထပ်ထပ်လိမ့်ကျ

တစ်ကယ်ရွာမယ့်မိုးသားတွေ

သယ်ပိုးလာတဲ့နေ့

ခက်တာက

အိမ်ခေါင်နဲ့

ကြွပ်ဆတ်ကမ္ဘာမြေဟာ

ကိုယ့်ကိုမယုံကြည်ကြဘူး။ ။


အနှစ်(နဘူးအိုင်)

ဆက်ဖတ်ရန်...

Monday, January 7, 2008

Namtok Pha Charoen

ထိုင်းအခေါ် နမ့်သုက်ဖါးကျရင်း (Namtok Pha Charon) ဟာ မဲဆောက်မြို့မှ ကီလို 30 ကျော် အကွာမှာ တည်ရှိပါတယ်။ ရေတံခွန်အဆင့်များစွာနဲ့ လှပပြီး အေးအေးဆေးဆေး အနားယူမလား၊ ရေတံခွန် အဆင့်တွေကို တတ်ပြီး ရေကစားမလား လည်ပတ်လို့ ကောင်းတဲ့ နေရာတစ်ခုပါပဲ။ မဲဆောက်မြို့နဲ့လဲ မဝေးလွန်း သွားလာရလွယ်ကူပြီး လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသားများအတွက် အစစ်အဆေးလဲ မရှိလောက်ပါပဲ။ နေ့ကြီး အခါကြီးတွေနဲ့ ပိတ်ရက်တွေမှာတော့ လူများတတ်ပြီး ကြားရက်တွေမှာတော့ အေးအေးဆေးဆေး ရှိတဲ့ နေရာလေးပါပဲ။ မဲဆောက်ရောက်ရင် သွားလည်သင့်တဲ့ နေရာ တစ်ခုပါပဲခင်ဗျာ။





ရေတံခွန်ဘေးက လမ်းလေးကနေလဲ ရေတံခွန် အပေါ်ပိုင်းအထိ တက်ကြည့်လို့ ရတယ်




ရေတံခွန် အထက်ပိုင်း ရှုခင်းများ


သစ်မြစ်လိုလို မြွေတွေလိုလို


သစ်ရိပ် ၀ါးရိပ်နဲ့ အေးအေးချမ်းချမ်း


သိချင်တာရှိ ဒီမှာဖတ်ကြည့်

ဆက်ဖတ်ရန်...

Saturday, January 5, 2008

မလိမ်မိုးမလိမ္မာနေ့စွဲများ

ရုက္ခဗေဒကိုမချစ်ဘူး
ပန်းကလေးကိုပဲချစ်တယ်
သတ္တဗေဒကိုမချစ်ဘူး
ယုန်ကလေးကိုပဲချစ်တယ်
ရူပဗေဒကိုမချစ်ဘူး
အလင်းရောင်များပဲချစ်တယ်
နက္ခတ္တဗေဒကိုမချစ်ဘူး
ကြယ်ကလေးကိုပဲချစ်တယ်
ဘောဂဗေဒကိုမချစ်ဘူး
ပေါင်မုန့်တစ်လုံးပဲချစ်တယ်
ခန္ခာဗေဒကိုမချစ်ဘူး
နှလုံးသားကိုပဲချစ်တယ်
ဂစ်တာတစ်လုံးကိုမချစ်ဘူး
သီချင်းများပဲချစ်တယ်
မိုးလေဝသကိုမချစ်ဘူး
မိုးကိုပဲချစ်တယ်
အမဲလိုက်သင်တဲ့နေ့ကကျောင်းပြေးတယ်
အနုပညာသင်တဲ့နေ့ကကျောင်းတက်တယ်
ချစ်သူနဲ့ချိန်းတဲ့နေ့ကအိပ်ရာထနောက်ကျတယ်
ကဗျာတွေရေးတဲ့ညကအိပ်ရာဝင်နောက်ကျတယ်
ဘာကိုမှစုပ်ယူစားသုံးခြင်းမရှိခဲ့ဘူး
အရာအားလုံးအတွက်ကျွန်တော်ကဥခွံပါးခဲ့တယ်။ ။
--- ညိုထက်ညို ---

ဆက်ဖတ်ရန်...

Friday, January 4, 2008

စပ်မိစပ်ရာတစ်နှစ်ပြည့်

ယနေ့ ကျွန်တော်တို့၏ စစ်မိစပ်ရာ တစ်နှစ်ပြည့်မွေးနေ့ဖြစ်ပါသည်။ စာမရေးတတ်သလို စာဖတ်အားနည်းသော ကျွန်တော့်အတွက် သူငယ်ချင်း ညိုထက်ညိုနှင့်ဂူဂူးတို့၏ အားပေးကူညီမှုဖြင့် ပို့စ်ပေါင်း 90 ကျော်နှင့် ဤနေရာလေး ဝေေ၀ဆာဆာ ဖြစ်လာခဲ့ရသည်။ ကျွန်တော်တို့၏ ဘလော့ဂ်လေးကို လာရောက် လည်ပါတ်ကြသော ကူညီအားပေးကြသော သူငယ်ချင်းမိတ်ဆွေ အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါသည်။

ဆက်ဖတ်ရန်...

Thursday, January 3, 2008

ငရဲပြည် အရက်ဖြူဆိုင်

ငရဲသားတွေမှာ ပါးစပ်မပါဘူးဆို၊ ဟုတ်တယ်ဟုတ်
မဲဆောက်မှာ ဝဲပေါက် သလို
ဆပ်ပြာသည် လင်ပျောက်နေတဲ့ သူငယ်ချင်း

ရန်ကုန်မှာ
သောက်ကြွေးတွေတင်
ဖင်ကုတ် ခေါင်းကုတ်
အလုပ်တွေ ရှုပ်နေရတဲ့ သူငယ်ချင်း

ကယ်လီဖိုးနီးယားမှာ
မူးပြဲပြီး
ဒူးကွဲသွားတဲ့ သူငယ်ချင်း

အော့ကလန်မှာ
သတင်းစာစက္ကူတွေနဲ့
ပွတ်ချွန်းလိပ်သောက်နေတဲ့ သူငယ်ချင်း

လူဖြစ်ရတာ မစားသာပါလားဟဲ့
ဘဝက သုံးဆယ်ကျော်မှ စချင်တယ်
အစာအိမ်က ဂျီးများတယ်
ကမ္ဘာကြီးက ခပ်ကြောင်ကြောင်ရယ်
ပိုက်ဆံရှိလို့ ခုခံအား ကျဆင်းမှုရောဂါဆိုတာ ဖြစ်လာတယ်

မနက်ဆို “မော်ဒန်” မှာ ထိုင်ချင်တုန်း
ညနေဆို Friendship ကို လွမ်းမဆုံး
ညဆို ဘီယာကို ရေလို သောက်ချင်တုန်း
ဥတု သုံးပါးစလုံး
ကြွေးရှင်တွေ ဝိုင်းနေတုန်း

ငရဲသား ဖြစ်နေမှတော့
ကဗျာစပ်နိုင်ပါတော့မလား
ငရဲပြည်မှာ အရက်ဖြူဆိုင် ရှိသလား
ငရဲသားတွေ ကာရာအိုကေ ဆိုတတ်သလား
ငရဲသူတွေ နန္ဒာလှိုင်လို ချောပါ့မလား

ဇာကြီးရေ...
ပုဇွန်တောင်ချောင်းထဲ မျောပါလာတဲ့
ဘီအီး တစ်လုံးလောက်ကွာ...။

ဂူထက်ဂူ

ညိုထက်ရဲ့ ကဗျာ “တာဝတိံသာကဖေး” ကို ပြန်လည် ခံစား ရေးဖွဲ့ထားတာပါ... ဘဝအမောတွေ ကြားထဲက မင်းတို့ တစ်ချက်လောက် ပြုံးလိုက်နိုင်ရင်ပဲ ဒီကဗျာလေး ရေးရကြိုးနပ်ပါပြီ.. သယ်ရင်းတို့ရေ... နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေကွာ...

ဆက်ဖတ်ရန်...