၉တန်းလောက်က အဖြစ်အပျက်တခုပါ။ ဘယ်လိုမှ မေ့မရလို့ ရေးလိုက်တာ။
ကျနော်တို့တစ်သိုက်ငယ်ငယ်က အတော်ဆိုးပါတယ်။ ဂုဏ်ယူပြီးပြောတာ တော့မဟုတ်ပါဘူး။ လူငယ်သွေးတက်တွေ ဆိုတော့ အကုန်လုပ်ကြပါတယ်။ (မူးယစ်ဆေးဝါးက လွဲလို့ပေါ့) လောင်းကစားလေးလဲ တခါတလေ လုပ်ကြတယ်။ တနေ့ကြတော့ ကျနော့်တို့အတန်းက အတန်းပိုင်ဆရာမ အဲဒီအကြောင်းကို သိသွားတယ်။ သိသွားပုံက သူ့ကျူရှင်မှာ လာတက်တဲ့ သူတွေကို သူကိုင်တဲ့အခန်းက ကျောင်းသားတွေ ဘယ်လိုတော်ကြောင်း ပြောပြောပြတော့ ကျနော်တို့နဲ့ ဖဲရိုက်ဖော် သူ့ဝိုင်းကတပည့်တွေက မခံနိုင်လို့ ဆရာမတပည့်တွေထဲမှာလဲ စုန်းပြူးတွေ အများကြီးပါလို့ ပြောရာကနေ ပေါ်ပါလေရော။
ကျောင်းဆရာမသင်တဲ့ ကျူရှင်ဝိုင်းကို ဆရာမ အအောင်ပေးရင်ပြီးရော ဆိုတဲ့သူတွေဘဲ တက်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ နည်းနည်းညံတဲ့ ကျောင်းသားတွေပေါ့။ တော်တဲ့ကျောင်းသားတွေက အပြင်မှာနာမည်ကြီးတဲ့ ၀ိုင်းတွေမှာ တက်ကြတယ်။ ကျနော်တို့ကတော့ ဥာဏ်ကောင်း လူပေတွေဆိုတော့ ကျူရှင်ကို အပြင်မှာယူပြီး ကျူရှင်မတက်ဘဲ ပြေးကြပါတယ်။ တခါတလေ ကျူရှင်လခ တောင် မပေးဘဲ ကြွေးကျန် ထားတတ်ကြပါသေးတယ်။ အဲဒါကို ဆရာမက သိသွားပြီး အတော်စိတ်ဆိုးတယ်။
နောက်တနေ့ ကျနော်တို့တသိုက် ကလည်း ကံဆိုးစွာနဲ့ ကျောင်းတက်ခဲ့ပါတယ်။ (ကျောင်းက လည်း တပတ်ကို ပုံမှန်၂ရက်လောက် လစ်နေကြ)။ ဆရာမမှာ သူကျူရှင်မှာ သူကိုကျောင်းသား များက ပြန်ပြောတာ ခံနေရတဲ့တာတွေ၊ ကျနော်တို့တသိုက် သူ့ကျူရှင်မတက်တာတွေ အဲဒါတွေပေါင်းပြီး ကျနော်တို့ကို စာမေးပါတယ်။ သိကြတဲ့အတိုင်းပါဘဲ။ စာကို စာမေးပွဲ နီးမှ ကြည့်ရကောင်းမှန်းသိတဲ့ ကျနော်တို့တစ်သိုက် သူမေးတာကို မဖြေနိုင်ပါ။ အဲဒါနဲ့ ကျနော်တို့ကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပါတယ်။ အဲဒီလောက်ကတော့ ကျနော်တို့က ဘယ်မူပါ့မလဲ။ တက်တာပေါ့။
အဲဒီအခါကျမှ တသက်လုံး ရင်ထဲမှာ ၀င်သွားစေတဲ့ဆူးကြီးတချောင်းကို သူရိုက်ထည့် လိုက်ပါတယ်။ “အတန်းထဲက မိန်းကလေးတွေ ကြည့်ထားကြ။ ဒီကောင်တွေကို ဘယ်တော့မှ ရည်းစာထားဖို့လဲ စိတ်မကူးနဲ့။ ယူဖို့လဲစိတ်မကူးနဲ့။ ဖဲသမားမယား ဖြစ်သွားမယ်။ ဘ၀ပျက် သွားမယ်။” ကျနော်တသက်မှာ အဲဒီတုန်းကလောက် စိတ်တို၊၀မ်းနည်း၊ သေးသိမ်တာ တခါမှမရှိခဲ့ပါဘူး။ အဲဒီနေ့ကစပြီး သူ့အချိန်ကို ဘယ်တော့မှ မတက်တော့ပါဘူး။ ရအောင်ပြေးပါတယ်။ ကျောင်းတက်တဲ့နေ့မှာတောင် သူ့အချိန်ပါရင် အခြားအခန်းမှာ သွားထိုင်နေတတ်တယ်။
အသက်၁၅နှစ်သာသာ ရှိတဲ့ ကျောင်းသားလေးတွေ ဒေါသဂတိနဲ့ ပြောခဲ့တဲ့ ဆရာမ ကို အခု အသက်၃၀မှာ စိတ်မဆိုးတော့ပေမဲ့ ရင်ထဲကဆူးကတော့ ဘယ်တော့မှနုတ်လို့ရမှာ မဟုတ်တာတော့ အမှန်ပါ။ ဘယ်သူတွေမှားတယ် ဘယ်သူတွေမှန်တယ် ဆိုတာကို ဆရာလုပ်ပြတာမဟုတ်ပါ။ ငယ်ငယ်က တကယ်ကိုမမေ့နိုင်တဲ့အကြောင်းလေး ရင်ဖွင့်တာပါ။
ဝေဖန်ခံစားနိုင်ကြပါတယ်။
မှတ်ချက်။ ။ ကျနော်မိန်းမ ဘ၀မပျက်သေးပါ။ ဖဲသမားမယားလဲ မဖြစ်သေးပါ။
----ကျော်မိုးဥာဏ်----
Thursday, February 28, 2008
ငယ်ငယ်တုန်းက
Posted By Kyaw Moe Nyan at 12:58 AM 1 comments
Labels: Memories
Sunday, February 24, 2008
Save me God

လမ်းထိပ် စူပါမားကက် ပါကင်လော့ထဲက သစ်ပင်နှစ်ပင်ရယ်.. တစ်ဖြေးဖြေး ငုပ်ဝင်နေတဲ့ နေမင်းကြီးရယ်.. ရွာမလိုနဲ့ အုန့်ဆိုင်းနေတဲ့ တိမ်လိပ်တွေရယ်.. ပေါင်းစပ်ထားတဲ့ အဖြူမဲ ဓါတ်ပုံလေးပါ... “ကျွန်ုပ်ကို ကယ်တော်မူပါ ဘုရားသခင်” လို့ နာမည်ပေးထားပါတယ်...
Posted By Gu Gu at 8:02 AM 0 comments
Labels: Photo
8 hrs per day jail

အလုပ်နားက သံဇကာတွေပါ... နေ့လည်စာ စားပြီး သစ်ပင်ရိပ်အောက်မှာ ထိုင်ရင်း အလုပ်က မိတ်ဆွေတွေနဲ့ စကားပြောနေတုန်း.. စိတ်ကူးလေး ရလိုက်လို့ ကားပေါ်က ကင်မရာဆွဲပြီး ရိုက်ထားတာလေးပါ...
Posted By Gu Gu at 8:00 AM 0 comments
Labels: Photo
Graffiti Proof

မက်ဆီကန် ကုန်စုံဆိုင်လေးရဲ့ အနောက်ဖက် လမ်းကြားလေးပါ... နံရံပေါ်က စိတ်ဝင်စားစရာ ပုံတွေကို အဖြူမဲနဲ့ ရိုက်ထားတာပါ... နံရံပေါ် အရုပ်တွေ စာတွေ လာရေးတတ်တဲ့ လူငယ်တွေ.. ဂိုဏ်းတွေ က ဒီလိုမျိုး ပုံတွေ ရှိနေရင် ဒီမှာ လာမရေးတော့ပါဘူး... ဒါကြောင့် နံရံကို အဖြူမချန်ပဲ ပုံတွေ အပြည့်ဆွဲထားတာပါ...
Posted By Gu Gu at 7:50 AM 0 comments
Labels: Photo
Tuesday, February 19, 2008
ဆရာမြသန်းတင့်ကွယ်လွန်ခြင်းဆယ်နှစ်ပြည့်အမှတ်တရ
တစ်ကယ်က ကျွန်တော်သည် ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ သောဖခင်၏ ကျေးဇူးကြောင့် စာအုပ်ပုံများကြားတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ စာရေးဆရာများကိုလည်း ကြည်ညိုလေးစား အားကျခဲ့သူဖြစ်သည်။ ကံကောင်းချင်တော့ ကျွန်တော့်ဘဝတွင် ပထမဆုံးသိ ကျွမ်းခွင့်ရသော စာရေးဆရာမှာလည်း ဆရာဖြစ်နေသည်။ ၁၉၈၀ နှစ်များ အလယ်ပိုင်းကာလလောက်က ဖြစ်ပါလိမ့်မည်။ ကျွန်တော် ငါးတန်းကျောင်းသား ဘဝလောက်ဖြစ်မည်။ ထိုစဉ်က ကျွန်တော်သည် မနက်ဆိုလျှင် ဖခင်နှင့်အတူ လမ်းလျှောက်လိုက်သွားသည်။ ဦးဝိစာရလမ်းသို့ ဖြစ်သည်။ သည်မှာပင် ကျွန်တော် ဆရာနှင့် စတင်တွေ့ဆုံခွင့်ရခဲ့သည်။ ဆရာနှင့် ကျွန်တော့်ဖခင်က မနက်တိုင်း အတူတူ လမ်းလျှောက်ဖက်။ သူတို့နှစ်ယောက်တည်းတော့ မဟုတ်။စစ်စစ်ပေါက် ပေါက်တွက်ကြည့်လျှင် လူနှစ်ဆယ်လောက်ရှိမည် ထင်သည်။ ဆရာဝန်ကြီးများ၊ အရာရှိကြီးများ၊ ကုန်သည်များ အစရှိသဖြင့် သူတို့အဖွဲ့တွင် လူစုံပါသည်။ စာရေးဆရာကတော့ ဆရာတစ်ယောက် တည်းသာဖြစ်ပါသည်။ ထိုအထဲတွင်မှ အမာခံ လမ်းလျှောက်သူ လေးငါးခြောက်ယောက်လောက် ရှိမည်ထင်သည်။ ကျွန်တော့်ဖခင်နှင့် ဆရာအပါအဝင်။ မိုးမည်မျှရွာပါစေ၊ ထီးဆောင်း၍လျှောက် သည်။ နေထိုင်မကောင်းသောရက်များမှလွဲ၍ နေ့စဉ် လမ်းလျှောက် နေသောကြောင့်လား မသိ။ နေထိုင်မကောင်းကလည်း ဖြစ်ခဲပါသည်။ ထိုစဉ်က ကျွန်တော်သည် ဆရာ၏ ‘ဓားတောင်‘ အား ဖတ်ရှုပြီးခဲ့ပြီဖြစ်သည်။ အခြားစာအုပ်များကိုတော့ မဖတ်ဖြစ်သေး။ သို့သော် ကျွန်တော့်ဖခင်အမည်နှင့် ဆရာလက်မှတ်ရေးထိုး လက်ဆောင်ပေးသောဆရာ့စာအုပ်အမည်များနှင့်ကားရင်းနှီး ကျွမ်းဝင်ခဲ့ပြီးဖြစ်ပါသည်။ ‘ရှားလော့ဟုမ်း‘ ‘ရွှေပြည်တော်မျှော်တိုင်းဝေး‘ စာအုပ်တွဲများ အစရှိ သည်ဖြင့်။ ကျွန်တော်က ‘ကိုနန္ဒာ‘ ‘ရဲမြင့်‘ ‘သံချောင်း‘ စသဖြင့် ‘ဓားတောင်‘ ထဲမှဆရာ့ဇာတ် ကောင်အမည်များကို (ကလေးပီပီ အထင်ကြီးခံလိုစိတ်ဖြင့်) ဆရာ့ကိုရွတ်ပြတော့ဆရာနှစ်သိမ့် ပြုံးပြုံးသည်ကို ကျွန်တော် ယခုတိုင်မှတ်မိနေပါသေးသည်။ ၁၉၉၀ နှစ်များ အစောပိုင်းကာလ လောက်တွင်တော့ ကျွန်တော်ဆရာ့စာအုပ် အတော်များများကို ဖတ်ရှုခဲ့ပြီး ဖြစ်ပါသည်။ ယခင်ကလေးဘဝက အပေါ်ယံရှပ်၍ ဖတ်ခဲ့သော ‘ဓား တောင်‘ ကိုလည်း အနှစ်သာရပိုင်းကိုပါ ဆုပ်ကိုင်ဖတ်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။ ‘ကံကောင်း‘ ‘အမှောင် ရိပ်ဝယ်‘ ‘နွံထဲကကြာ‘ အစရှိသဖြင့်လည်း မြည်းစမ်း ကြည့်မိခဲ့ပြီ ဖြစ်သည်။ ‘ရှားလော့ဟုမ်း‘ ဝတ္ထုများကိုလည်း အတော်များများ ဖတ်ရှုပြီးခဲ့ပြီဖြစ်သည်။ ငယ်စဉ်က ကျွန်တော်မ‘ကိုင်‘နိုင်ခဲ့သည့် ‘ရွှေပြည်တော်‘ နှင့် ‘ခန်းဆောင်နီ‘ ကိုလည်း ဖတ်ရှုနိုင်ခဲ့ပြီ။ ‘အညတရရုပ်ပုံလွှာများ‘ ကိုလည်းခံစား နှစ်ခြိုက်ခဲ့မိပြီ။ ‘ပုံတောင်ပုံညာ‘ သို့လည်း ဆရာနှင့်အတူ လိုက်သွားမိခဲ့သည်။ ‘ဇာခန်းဆီး၊ လေညင်းနှင့် လရောင်‘ အောက်တွင်လည်း အိပ်မက်မက်ခဲ့ဖူးပြီ။ ထိုအချိန်မှာပင်ကျွန်တော် စာဖတ်ဝါသနာပါမှန်း သိရှိသောဆရာက စာအုပ်လက်ဆောင်ပေးရာတွင် ကျွန်တော့်ဖခင်အမည်နှင့် ပေးနေ ရာမှကျွန်တော့်အမည်သို့ ပြောင်းလဲလက်မှတ်ထိုးပေး ခဲ့ပါသည်။ မှတ်မှတ်ရရ ‘လိုက်ခဲ့တော့မြနန္ဒာ‘ စာအုပ်မှစ၍ ဖြစ်မည်ထင်သည်။ နောက်ပိုင်းတွင်လည်း ‘သုခမြို့တော်‘ ‘အချစ်မိုးကောင်းကင်‘ ‘လာခြင်းကောင်းသောအရှင်‘ စသည်ဖြင့် ဆက်တိုက်။ ကျွန်တော် အတော်ဝမ်းသာမိပါသည်။ စာရေးဆရာတစ်ယောက်၏ လက်မှတ်နှင့် စာအုပ်သည် စာချစ်သူတစ်ဦးအတွက် မည်မျှ အဖိုးထိုက်တန်သည်ကို ကျွန်တော် အသိဆုံး။ ဆရာ၏ မျိုးဆက်ဟောင်းမှ မျိုးဆက်သစ်သို့လွှဲပြောင်း လက်ဆင့်ကမ်းပေးခြင်းသဘော ဟုလည်းနောင်အခါ နားလည်မိသည်။ ကျွန်တော်လည်း အရွယ်ရောက်လာပြီဖြစ်၍ ဖခင်နှင့် လမ်းလျှောက်မလိုက်ဖြစ်တော့။ ဆရာနှင့် အတွေ့ရ အနည်းငယ်ကျဲသွားသော်လည်း အထိအတွေ့ကမူ ဆက်ရှိနေခဲ့ပါသည်။ တစ်ခါတစ်ရံ ဆရာမြို့ထဲစာအုပ်တိုက် များရှိရာသို့ အလာတွင် ကျွန်တော်တို့အိမ်သို့ ဝင်လာသည်လည်းရှိသည်။ ကျွန်တော့်ဖခင်နှင့် စမ်းချောင်းဘက်သို့ အရောက်တွင် ဆရာ့အိမ်သို့ ဝင်ဖြစ်သည်လည်းရှိသည်။ အဆက်အသွယ်မပြတ်ခဲ့ပါ။ တစ်ခါတွင်လည်း ရွှေပြည်သာရှိ ကျွန်တော်တို့အိမ်၌ ဆရာစန္ဒရားလှထွတ်ကိုပါ ဖိတ်၍စားကြ သောက်ကြသည်။ သည်တော့မှပင် ဆရာ့တယောလက်သံကို ကျွန်တော် စနားထောင်ဖူးခြင်း ဖြစ်သည်။ အနုသုခုမအရာတွင် ထူးချွန်ပြောင်မြောက်သူ ဆရာ့ကို ကျွန်တော်အားကျ နေခဲ့မိပါသည်။ နောက်တော့ ဆရာ့စာများကိုသာမက ဆရာဖြတ်သန်းလာခဲ့သော ဆရာ့ဘဝပုံကား ချပ်များကိုပါ ကျွန်တော် သိရှိလာသည်။ တစ်ကယ်က ဆရာသည် စာရေးဆရာသက်သက်မဟုတ်၊ ဆရာ့နိုင်ငံရေးဖြတ်သန်းမှု ၊ သမိုင်းဖြတ်သန်းမှု အတွေ့အကြုံတို့က ထုနှင့်ထည်နှင့် ရှိနေသည်။ ဆရာ့ကိုမွေးဖွားသည်က ၁၉၂၉ ခုနှစ်၊ ပခုက္ကူ ခရိုင် မြိုင်ဇာတိ။ ဆရာဒဂုန်တာရာ ထက်ဆယ်နှစ်ခန့်ငယ်သူ။ ဆယ်ကျော်သက်အရွယ် ဆယ့်လေးငါးနှစ်သားမှာပင် ဆရာ့နိုင်ငံရေးဘဝစတင်သည်။ ကျွန်တော်တို့ခေတ်နှင့်ယှဉ်လျှင် ရင့်ကျက်မှုနှုန်း အတော်ကြီးကို မြန်ဆန်သည်ဟု ဆိုရပေလိမ့်မည်။ နောက်ခံ အချိန်ကာလကလည်း မြန်မာနိုင်ငံသမိုင်း၌ မုန်တိုင်းတို့ တဝုန်းဝုန်းထန်ချိန်၊ မီး တောင်တို့ တဒိုင်းဒိုင်းပေါက်ကွဲချိန်။ ထိုသို့သောသမိုင်းနောက်ခံမှာပင် ဆရာလူလားမြောက်ခဲ့ရသည်။ တောက်မည့်မီးခဲတရဲရဲ ဖြစ်ခဲ့ရသည်။ ခေတ်က တောင်းဆိုလာသောအခါ ဆရာ့လိုလူမျိုး သည် ‘ငြိမ်‘ နေ၍မဖြစ်တော့။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တော်လှန်ရေးခရီးကြမ်းကို စလှမ်းခဲ့သည်။ ပြည်သူ့လွတ်မြောက်ရေး ပန်းတိုင်ဆီစချီခဲ့သည်။ ဂျပန်ဖက်ဆစ်ခေတ်၊ ထို့နောက် စစ်ပြီးခေတ်။ ဆရာ့ ‘ခေါင်း‘ အား မြေရှင်တို့က ဆုငွေထုတ်ခဲ့သည်။ ပခုက္ကူမှ သားကောင်းရတနာ သည်ထိုထိုဤဤ အလီလီသော အန္တရာယ်တို့ကို မမှုတော့ပြီ။ သူလျှောက်ရမည့်လမ်းကို သူဖောက်ခဲ့ပြီ။ သူ့ပြေးလမ်းကို သူရွေးခဲ့ပြီ။ ကိုယ်ခန္ဓာက သေးကွေးကြုံလှီသည်။ မျက်မှန်အထူကြီးကလည်းတပ် ထားရသေးသည်။ သို့သော် စိတ်ကသံမဏိ။ မီးပြင်းပြင်းတွင် အဖန်တလဲလဲ ပြုပြင်သန့်စင်ထား သည့် သံမဏိ။ ထိုစိတ်သည်ပင် သူ့ဘဝတစ်လျှောက်လုံး၏ မောင်းနှင်အားဖြစ်ခဲ့သည်။ မာလိန်မှုး ဖြစ်ခဲ့သည်။ သူကိုင်စွဲထားသည့် အလံက ဖက်ဆစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ့ လွတ်မြောက်ရေးအလံတော်။ ထိုအလံတော်၏ အရိပ်အောက်တွင်ပင် သူ့တစ်သက်တာပတ်လုံး နေထိုင်သွားသည်။ ၁၉၄၉ ခုနှစ်တွင် ဆရာဒဂုန်တာရာက စာပေသစ်မီးရှုး တန်ဆောင်ကိုထွန်း ညှိသည်။ ဆရာလည်း တစ်တပ်တစ်အားပါဝင်ခဲ့ပြန်သည်။ အသွေးအမွေးတူသူများ စုစည်းမိကြပြီ။ ဆရာ့စာပေဘဝ၏ ပထမဆုံးခြေလှမ်းဟု ဆိုရမည့် “ဒုက္ခသည်“ ဝတ္ထုတိုအား တာရာမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ရင်ခုန်စရာနှစ်ကာလများ၊ ထိုကာလများသည် ဆရာ့အတွက်အမှန် ပင်ရင်ခုန်ဖွယ် ကောင်းခဲ့ပါလိမ့်မည်။ ၁၉၅၈ တွင်တော့ ပြည်သူ့ဘက်မှ တစ်လျှောက်လုံး ရပ်တည်ခဲ့သော ဆရာ့အား နရသိန်သို့ ပို့ဆောင် လိုက်ကြလေသည်။ ကိုကိုးကျွန်းသို့လည်း ရောက်သွားသည်။ တစ်ချို့တစ်ချို့သော သူတို့အတွက်တော့ နရသိန်ဟူသည် တစ်သက်တစ်ခေါက် ဖြစ်ပေလိမ့်မည်။ ဆရာ့အတွက်တော့ ထိုသို့မဟုတ်။ ထိုပထမတစ်ခေါက်သည် နိဒါန်းသဘော၊ ခြေဆင်းသဘော မျှသာရှိခဲ့သည်။ ထို့နောက်တွင်ကား မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်သို့ စစ်အာဏာရှင်စနစ် တက်လာသည်။ ၁၉၆၂ ။ ၁၉၆၃ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်သည်။ တစ်ကယ်က အတုအယောင်မျှသာ။ ပျက်သည်။ ချက်ချင်းဆိုသလိုပင် အတိုက်အခံ သဘောထားရှိသူဟု ယူဆရသူမှန်သမျှ ပိုက်စိပ်တိုက်ဖမ်း တော့သည်။ ဆရာလည်းအပါအဝင်။ လေးငါးနှစ် ကြာသောအခါ လွတ်သူတွေလည်း လွတ်ကုန်ကြသည်။ ဆရာတော့မပါ။ ၁၉၆၉ တွင်ကားဆရာ့ကို “ကိုကိုးကျွန်း“ သို့ ဒုတိယမ္ပိပို့ဆောင်လိုက် လေတော့သည်။ လေထီးဦးအုန်းမောင်၊ ဆရာဗန်းမော်တင်အောင် အစရှိသည့် နိုင်ငံရေး အစဉ် အလာကြီးမားသူများနှင့်အတူ။ကိုကိုးကျွန်းတွင်လည်း ခက်တရော်သော တိုက်ပွဲအသွယ်သွယ်တို့ကို ဆရာဆင်နွှဲခဲ့ရပြန်သည်။ ရက် ၄၀ အစာငတ်ခံတိုက်ပွဲ တွင်ပါဝင်ခဲ့သည်။ ၅၃ ရက်ကျွန်း ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲကြီးကို ဝန်းရံခဲ့သည်။ သည်အကြောင်းများကို ဆရာက ကျွန်တော့်ဖခင်အား ရံဖန်ရံခါ ပြောပြသည်။ သို့သော်တစ်စွန်းတစ်စ။ ဆရာက မဏ္ဌပ်တိုင် တက်လိုသူမျိုး မဟုတ်။ သူ့အကြောင်းကို သူမပြောချင်။ တစ်ခြားသူတွေ ပြောကြလိမ့်မည်။ သည်လိုသဘောထား ရှိသူ။ ရက်၄၀ အစာငတ်ခံတိုက်ပွဲတွင် အစာငတ်ခံသည့်ရက် ရှည်ကြာလာသည့်အခါ ခံစားရသည့် ဝေဒနာများ ၊ ၅၃ ရက်တိုက်ပွဲတွင် ကျဆုံးသွားရသူများ အကြောင်းတို့ကိုတော့ တို့တို့တိတိ ဆရာ ပြောပြခဲ့ ဖူးပါသည်။ ဤတစ်ကြိမ် “ကိုကိုးကျွန်း“ ၌နေထိုင်ခဲ့ရခြင်းသည် ဆရာ့အတွက်တော့ ဘဝများစွာအား တစ်ပြိုင်နက်တည်း နေထိုင်လိုက်ရခြင်း ဖြစ်ပါလိမ့်မည်။ အရိုင်းဆန်သော အင်အားစု၊ ကြမ်းကြုတ်ခက်ထန်သော သဘာဝတရား၊ ရုန်းကန်တော်လှန်သော လူသား၏ခွန်အား၊ လတ်ဆတ်သောပင်လယ် လေညင်း၊ ကြက်တူရွေးအုပ်များ၊ လိပ်သောင်၊ ကျောက်ဆောင် ကမ်းပါး၊ ဖိနှိပ် သူနှင့်ဖိနှပ်ခံ၊ ဆရာ ကိုင်ဆောင်ထားသော ဓားရှည်…… သည်အရာများစွာကပဲ ဆရာ၏ masterpiece ဟုဆိုရအပ်သော “ဓားတောင်“ အဖြစ် သန္ဓေတည်ခဲ့ လေတော့သည်။ ၁၉၇၂ ဆရာ နရသိန်မှ ပြန်လည် လွတ်မြောက်လာသောအခါ ရေးစရာ တစ်ပုံတစ်ပင် ပါလာခဲ့သည်။ ဆရာ ပြင်ပလောကနှင့် အဆက်ပြတ်ခဲ့သည်က ကိုးနှစ်တိုင်တိုင်။ ထို့နောက်တွင်ကား ကိုးနှစ်တာမျှ စာမရေးခဲ့ရသည်ကို အတိုးချသည့်အလား ဆရာ့လက်ရာတွေ အမြောက်အများ ထွက်ပေါ်လာတော့သည်။ “စစ်နှင့်ငြိမ်းချမ်းရေး“ ၊ “ဓားတောင်“ ၊ “လေရူးသုန်သုန်“ ၊ “ပါရီကျဆုံးခန်း“ ၊ “လေလွင့်သူ“ အစရှိသည်ဖြင့်။ ၈၈ သည်ဘက်ပိုင်းတွင်လည်း “ခန်းဆောင်နီအိပ်မက်“၊ “သုခမြို့တော်“၊ “အချစ်မိုးကောင်းကင်“ စသည်ဖြင့်။ ဆရာနှင့် ဘဝတစ်လျှောက်လုံး ကဏ္ဍကောစဖြစ်ခဲ့သည့် အုပ်ချုပ်သူတို့ပင် ဆရာ့အားထုတ်မှုကို အသိအမှတ်မပြုဘဲ မနေနိုင်တော့၊ နေ၍မရတော့၊ ဆရာ့ကို အမျိုးသားစာပေဆု ငါးကြိမ်တိုင်တိုင် ချီးမြှင့်ဂုဏ်ပြုခဲ့ရလေတော့သည်။ သည်လိုနှင့် ၁၉၉၈ နှစ်ဦးပိုင်းသို့ ရောက်လာသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျွန်တော့်ဖခင်နှင့် ဆရာတို့ ကျိုက်ထီးရိုး အကြောင်း စကားစပ်မိကြသည်။ ဆရာက ကျိုက်ထီးရိုး သို့တစ်ခါမျှ မရောက်ဖူးသေးဟုဆိုတော့ အားလုံးက အံ့ဩကြသည်။ ဤတွင်ကျွန်တော့်ဖခင်က သူလည်း မရောက်တာနှစ် ၄၀ လောက်ရှိတော့မည်၊ အိမ်ကကားနှင့်ပင် သွားမည်၊ ဆရာလိုက် ခဲ့ပါဟုဆိုကာ ခရီးစဉ်ကို ကောက်ကာငင်ကာ ရေးဆွဲတော့သည်။ ဤသို့ဖြင့် ဆရာ၊ ကျွန်တော့်ဖခင် နှင့်အခြား မိတ်ဆွေသုံးယောက်တို့ ကျိုက်ထီးရိုးသို့ ကျွန်တော်တို့အိမ်မှ ကားနှင့်ပင် ခရီးထွက် ခဲ့ကြတော့သည်။ ဆရာ့ဘဝတွင် ခရီးများစွာသွားခဲ့ဖူးသည်။ မြန်မာပြည် တစ်နံတစ်လျား၊ အထက် အောက်စုန်ဆန်၊ နိုင်ငံရပ်ခြားခရီးများမှသည် ကိုကိုးကျွန်း အထိ။ ယခုတစ်ခေါက်က ကျိုက်ထီးရိုး။ ဤခရီးသည်ပင် ဆရာ့ဘဝ၏ နောက်ဆုံးခရီး ဖြစ်လိမ့်မည်ဟုတော့ ထိုစဉ်က မည်သူမျှ တွေးထင်မိခြင်းမရှိခဲ့ပါ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်မည် ထင်သည်။ ဆရာတို့ ကျိုက်ထီးရိုးသို့ ခရီး ထွက်ခဲ့ကြသည်။ တောင်ပေါ်သို့ ခြေလျင်ပင်တက်ခဲ့သည်။ တောင်ပေါ်ရောက်တော့ ကျိုက်ထိုဟိုတယ်တွင် တည်းသည်။ ထိုတစ်ညနှင့် နောက်တစ်ရက်လုံး အနီးအနား ဝန်းကျင်နေရာများသို့ လည်ပတ်ကြည့်ရှု ကြသည်။ လူကြီးများချည်းမို့ ဝေးလံသည့်နေရာများကိုမူ မသွားဖြစ်တော့။ ၁၄ ရက် နေ့တွင် ဆရာတို့ ရန်ကုန်ပြန်သည်။ ရန်ကုန်ရောက်တော့ ညနေစောင်းပြီဖြစ်သည်။ ဆရာ့အိမ်သို့ ဆရာ့ကိုဝင်ပို့ကာ နောက်နေ့မနက် လမ်းလျှောက်ထွက်ဖို့ ချိန်းကြသည်။ ဆရာကတစ်ရက် လောက်နားလိုက်လျှင် ကောင်းမည်ဟုဆိုသည်။ ကျိုက်ထီးရိုး တွင်လည်း အတက်အဆင်းရော၊ လည်ပတ်ကြည့်ရှုသည်ရော အတော်ပင်လျှောက်ခဲ့ရ၍ ဖြစ်သည်။ ဤတွင် ကျွန်တော့်ဖခင်က တစ်ရက်လောက်နဲ့တော့ မနားတော့ပါဘူးဆရာ၊ ကျွန်တော်တို့ တန်ပြန်လျှောက်လိုက်ရအောင် ဟုအကြံပေးမိသည် ( နောင်အခါ ဖခင်အတွက် တသသပြောစရာ တစ်ခုဖြစ်လာခဲ့ပါသည် )။ ဒါဆိုလည်း လျှောက်တာပေါ့ဗျာ ဟုဆရာပြောရင်း မိတ်ဆွေများကို နှုတ်ဆက်ပြီး အိမ်ထဲသို့ဝင်သွား ခဲ့သည်။ ဤမြင်ကွင်း သည်ပင် ဆရာ့အား ရှင်သန်လှုပ်ရှားလျက် ပြင်ပလောကမှ နောက်ဆုံးမြင် လိုက်ရသည့်မြင်ကွင်း ဖြစ်ခဲ့တော့သည်။ နောက်တစ်နေ့မနက် လေးနာရီ ခွဲ ငါးနာရီလောက် ဖြစ်မည်ထင်သည်။ ကျယ်လောင် စူးရှသော တယ်လီဖုန်းသံကြောင့် ကျွန်တော် လန့်နိုးလာပြီး အိပ်ချင်မူးထူးဖြင့် ဖုန်းကောက်ကိုင် လိုက်သည်။ တစ်ဖက်မှ အမျိုးသမီးတစ်ယောက်အသံဖြင့် “ဆရာမြသန်းတင့် အိမ်ကပါ၊ ဆရာအခု လှေကားပေါ်က လိမ့်ကျလို့ ခေါင်းကွဲသွားတယ်၊ အဲဒါအမြန်လာခဲ့ပါ “ ဟုပြောသံကို ကြားလိုက်ရ သည်။ ကျွန်တော်လည်း “ဟုတ်ကဲ့၊အခုလာခဲ့ပါ့မယ်“ ဟုဆိုကာ ဖုန်းချလိုက်သည်။ ကျွန်တော့်ဖခင်က ကျွန်တော့်အား အကျိုးအကြောင်း လှမ်းမေးသည်။ ကျွန်တော်ပြောပြတော့ ဖခင်က “ဟာ ဒါ ဆိုအမြန်သွားမှပဲ“ ဟုဆိုကာ ဆရာ့အိမ်သို့ကားနှင့် ထွက်ခဲ့ကြသည်။ ဟိုရောက်တော့ဆရာမရှိတော့။ ဒေါက်တာဇော်သန်း (သတင်းထောက်၊ စာရေးဆရာ) တို့နှင့် အတူဆေးရုံသွားနှင့်ပြီ။ ဒေါက်တာဇော်သန်းက ဆရာ့လမ်းနှင့် တစ်ဖက်လမ်းတွင် နေထိုင်သူ။ ကျွန်တော်တို့ ဆေးရုံကြီးသို့ လိုက်ကြသည်။ ရောက်တော့ ဆရာ့အားအရေးပေါ် ခွဲစိတ်ကုသဆောင်သို့ သွင်းပြီးဖြစ်နေသည်။ အခြေအနေကို မသိရသေး။ ဒေါက်တာဇော်သန်း ကတော့အခြေအနေဆိုးကြောင်း ကျွန်တော့်ဖခင်အား တိုးတိုးတိတ်တိတ် လာပြောသည်။ ကျွန်တော့်ဖခင်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာကာ ဦးဝိစာရလမ်းသို့ ပြေးသည်။ သူတို့လမ်းလျှောက်အဖွဲ့ ထိုင်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်သို့။ လက်ဖက်ရည်ဆိုင်တွင် တွေ့သမျှ မိတ်ဆွေများအား ခေါ်၍ဆေးရုံကြီးသို့ တစ်ခေါက် ပြန်လာသည်။ လမ်းလျှောက်အဖွဲ့ဝင် ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကျော်နှင့် ဒေါက်တာဦးစောဆိုင်မွန်သာ တို့လည်းရောက်နေကြပြီ။ မနက်ရှစ်နာရီခန့်တွင်တော့ ဆရာ့အား အလုံးစုံကြည့်ရှုစစ်ဆေးပြီးခဲ့ပြီဖြစ်သည်။ အရေးပေါ်ခန်းမှ ထွက်လာသော ဆရာဒေါက်တာအောင်ကျော်အား ဆရာ့အခြေအနေကို ကျွန်တော်တို့ အားကိုးတကြီးမေးမိကြသည်။ ဒေါက်တာ့ မျက်နှာကမကောင်း။ တိုတိုတုတ်တုတ်ပင် ပြောသည်။ အံ့ဖွယ်သရဲဖြစ်ရပ်မျိုးမှလွဲ၍ ဆရာ့အခြေအနေမှာ မျှော်လင့်ချက်မရှိပြီ။ နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ စာပေလောကသားများ အတော်စုံစုံလင်လင် ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။ အရေးပေါ် ကြပ်မတ်ကုသဆောင်သို့ ကျွန်တော်ဝင်ကြည့်သည်။ ဆရာ့ အခြေအနေက မမြင်ရက်စရာ။ ဦးခေါင်းတစ်ခုလုံးကို ဆံပင်ပြောင်အောင်ရိတ်ထားသည်။ ပိုက်အသွယ်သွယ်က တိုးလို့တွဲလောင်း။ သတိကတော့ စဖြစ်ကတည်းကမရှိတော့ပြီ။ ဆရာ့စိတ်အခုဘယ်ကိုရောက်နေမလဲ၊ ကျွန်တော် တွေးနေမိသည်။ ကျွန်တော် အပြင်ပြန်ထွက်လာတော့ ဖခင်နှင့် စကားပြောနေသော ဆရာအောင်ဝေးနှင့် သွားဆုံသည်။ ကျွန်တော့်ဖခင်က ဆရာအောင်ဝေးအား အကျိုးအကြောင်း ရှင်းပြနေခြင်း ဖြစ်သည်။ နယ်မှ စာပေသမားများလည်း တဖွဲဖွဲ စရောက်လာကြပြီဖြစ်သည်။ ဆရာ့အခြေအနေက ဘာမှမထူးခြား။ ပို၍ပင် ဆိုးလာသယောင်ရှိ သည်။ သွေးလည်း မပြတ်သွင်းပေးနေရသည်။ တိုးတက် ကောင်းမွန်လာစရာတော့မရှိတော့။ အခြေအနေကို ဆက်ထိန်းထားသည့် သဘောသာ ရှိတော့သည်။ သည်လိုနှင့် ဖေဖော်ဝါရီ ၁၈ ရက် နေ့သို့ရောက်လာသည်။ ထိုည ရှစ်နာရီခွဲကိုးနာရီလောက် ဖြစ်မည်ထင်သည်။ ဆေးရုံကြီးတွင် အမြဲလိုလိုရှိနေသော ဖခင်ထံမှဖုန်းဝင်လာသည်။ ဟုတ်သည်။ ဆရာဆုံးပါးသွားခဲ့ပြီ။ ကျွန်တော်လမ်းထိပ်ထွက်၍ taxi ငှားသည်။ taxi က တော်တော်နှင့် ပေါ်မလာ။ နောက်ဆုံး ကျွန်တော်ဆိုက်ကား ငှား၍ ဆေးရုံကြီးသို့ပြေးသည်။ ရောက်တော့ ဆရာမရှိတော့။ ဆရာမောင်သွေးသစ်၊ ကျွန်တော့်အစ်ကိုနှင့် ဖခင်တို့ကိုသာ တွေ့ရတော့သည်။ ဆရာသွားနှင့်ပြီ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဆရာ့ကို မီးင်္သဂြိုလ်သည်။ စာပေလောကမှ စာရေးဆရာ၊ ကဗျာဆရာများ၊ ဆရာ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ အခြားအသိုင်းအဝန်းမှမိတ်ဆွေများ၊ ဆရာ့စာဖတ်ပရိသတ်များ အစရှိသည်ဖြင့် ဆရာ့အသုဘသည် ကြက်ပျံမကျ စည်ကားပါသည်။ ကျွန်တော်ကတော့ စောစောစီးစီး ရောက်နှင့် နေသည်။ ဆရာ့အသုဘပြင်မည့် ဧည့်ခန်းမထဲသို့ အရောက်တွင်ပင် အနီရောင်ဆိုင်းဘုတ်တစ်ခုက ကျွန်တော့်အား ဆီးကြိုနေသည်။ “ကဗျာရွတ်ခြင်း၊ စာတမ်းဖတ်ခြင်း၊ ရုပ်ကလာပ်အား အလံလွှမ်းခြုံခြင်း“ များမပြုလုပ်ရ ဟုဆိုင်းဘုတ်တွင် ရေးသားထားသည်။ ကျွန်တော့် ရင်ထဲတွင် ဆို့နင့်သွားသည်။ ဆရာ့နောက်ဆုံးအချိန် အထိပင်ဆရာနှင့် အုပ်ချုပ်သူတို့၏ ပဋိပက္ခမှာ နက်ရှိုင်းခဲ့လေသည်။ ဆရာသည် အုပ်ချုပ်သူ အဆက်ဆက်တို့၏ ရန်သူ။ သည်ဘွဲ့ထူးကိုပင် ဆရာ့ဘဝတစ်လျှောက်လုံး လိုလိုလားလား ခံယူခဲ့သည်မှာ ယခုနောက်ဆုံး အချိန်အထိ။ တစ်ကယ်က ဆရာ့ကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး နှစ်မြှုပ်ဆောင်ရွက်ခဲ့သူအား အခြားအခြားသောနိုင်ငံတို့တွင် ခြိမ့်ခြိမ့်သဲသဲချီးဂုဏ်ပြု ကြပေလိမ့်မည်။ ယခုတော့…..။ တစ်ကယ်က ဆရာ့ရုပ်ကလာပ်အား တူတံစဉ် အလံနီနှင့် လွှမ်းခြုံဂုဏ် ပြုရပေမည်။ ယခုတော့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်။ ဆရာ့အတ္ထုပ္ပတ္တိ စာစောင်ငယ်ကလေးသာ ဝေနိုင်သည်။ ပန်းချီမောင်ညိုဝင်း (ဟုထင်သည်) ၏ဆရာ့ပုံတူပန်းချီကားကြီးက မားမားမတ်မတ်။ နောက်ဆုံး ဆရာ့အားဂါရဝပြုရမည့် အချိန်ရောက်လာသည်။ ဆရာ့ကို ကန်တော့ကြသည်။ ကျွန်တော်ကတော့ ဆရာ့၏ ဂုဏ်ကျေးဇူးကို ရည်စူးလျက်ဆရာ့အား ဦးညွှတ်အလေးပြုမိသည်။ ဆရာ့အခေါင်းအား ထမ်းထုတ်လာချိန်တွင် ဆရာအောင်သင်း၏ “သူငယ်ချင်းမြသန်းတင့်ရေ၊ သွားတော့“ ဟူသော အသံဝါကြီးအား ကျွန်တော် ပြက်ပြက်ထင်ထင် ကြားလိုက်ရပါသည်။ အိမ်အပြန် လမ်းတစ်လျှောက်တွင်တော့ ကျွန်တော် ဆရာ့အကြောင်းကိုသာ အမျှင်မပြတ် တွေးတောနေမိသည်။ ဆရာသည် ဘဝတစ်လျှောက်လုံး အလုပ်အများကြီး လုပ်သွားသူဖြစ်သည်။ “စစ်နှင့်ငြိမ်းချမ်းရေး“ ဆိုပါတော့။ ဆရာကြီးရွှေဥဒေါင်းက ထိုဝတ္ထုကြီးအားအသက်ကြီးမှ ဖတ်မိသဖြင့်အချိန်တွေ နှမြောလှသည်ဟု ဆိုခဲ့ဖူးသည်။ ဘာသာပြန်ဖို့ကလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပြီ။ ထို့ကြောင့် နောက်မျိုးဆက်စာရေးဆရာများ ဘာသာပြန် ဖြစ်အောင်ပြန်ကြပါဟု အထူးတိုက်တွန်းခဲ့ဖူးသည်။ ထိုတာဝန်ကို ဆရာပင် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည်။ ဆရာ မည်မျှ ဇွဲကြီးကြောင်း ဖော်ပြသည့် ဆရာအောင်သင်း၏ စကားကိုလည်း ကျွန်တော်မှတ်မှတ်သားသား ရှိခဲ့ဖူးသည်။ ဆရာအောင်သင်းက “စစ်နှင့်ငြိမ်းချမ်းရေး“ ကိုဘာသာပြန်ဖို့မဆိုထားနှင့်၊ ကူး ပဲရေးကြည့်စမ်းပါဦး ဟုပြောခဲ့ဖူးသည်။ ဟုတ်လည်းဟုတ်သည်။ အတော့်ကို ထူထဲရှည်လျားသည့် ဝတ္ထုကြီးဖြစ်သည်။ ဆရာဆုံးတော့ လက်စတန်းလန်း ကျန်ခဲ့သည့်အလုပ်တွေ လည်းတစ်ပုံ တစ်ပင်ဖြစ်သည်။ “အီလျာအာရင်ဘတ်“ ၏ “သက္ကရာဇ်များ၊လူများ၊ဘဝ“၊ “တောင်သမန် ရွှေအင်းက လေညင်းဆော်တော့“ အစရှိသည်ဖြင့်။ သည့်ထက် ကျွန်တော်စိတ်ဝင်စားမိသည်က ဆရာ့၏ ထုတ်ဝေခွင့်မရခဲ့သော စာအုပ်များဖြစ်သည်။ ဆရာရေးပြီး ထုတ်ခွင့်မရခဲ့သော စာအုပ် လေးငါးဆယ်အုပ် ရှိမည်ထင်သည်။ နေသာမိုးသာသော တစ်နေ့တွင်မှ ကျွန်တော်တို့ ထိုစာအုပ်များကို ဖတ်ခွင့်ကြုံပေတော့မည်။ လွန်ခဲ့သော ခြောက်နှစ်ခန့်က ပင်လယ်ကမ်းခြေတစ်နေရာသို့ ကျွန်တော် ရောက်ရှိနေခဲ့သည်။ ကမ်းခြေနှင့်မလှမ်းမကမ်းတွင် “ချစ်သူ့ကျွန်း“ ဟု အမည်ပေးထားသော ကျွန်းငယ်ကလေး တစ်ကျွန်းရှိနေသည်။ ကမ်းခြေနှင့် ဘာမှမဝေးလှ။ ရေကျချိန်တွင် ခြေလျင်လျှောက်သွား၍ ရသည်။ တစ်ညနေတွင် ကျွန်းကလေးပေါ်သို့ ကျွန်တော် ရောက်သွားသည်။ နေဝင်ရီတရောအချိန်။ လှိုင်းတို့က တဝုန်းဝုန်း ရိုက်ခတ်လျက်။ ကျွန်းပေါ်ရှိ အချိုင့်အခွက်ဖြစ်နေသော နေရာကလေးများတွင် ပင်လယ်ရေတို့ တင်ကျန်ခဲ့သည်။ ရေထဲတွင်ကျောက်ငါးကလေးများ။ နောက်တစ်ခါ ဒီပြန်တက်လာသည့် အချိန်ကျမှ သူတို့ ပင်လယ်ဆီသို့ ပြန်နိုင်တော့မည်။ မြည်ဟီးနေသောလှိုင်းသံ များ၊ ဘဝ၊ ရှင်သန်ခြင်း ၊ရုန်းကန်ခြင်းနှင့် သေခြင်းတရား၊ လူသား၏ လက်ရှိရောက်နေရာနေရာ၊ အနာဂတ်တွင် ရောက်ရမည့်နေရာ… မျှော်လင့်ခြင်း လေပြည်လေညင်းများ၊ လိုနေတာကဓားတစ်လက်.. ဓားတစ်လက်မျှသာ….. ကျွန်တော် သံချောင်းကို ဖျတ်ခနဲမြင်ယောင်မိသည်။ ဆရာ့ကို သွားသတိရသည်။ အချိန်တွေ ပြောင်းလဲသွားကြသည်။ ဆရာ့ “ဓားတောင်“ ကမပြောင်းလဲ။ “သံချောင်း“ ဆက်ရှိနေ လိမ့်ဦးမည်။ သည်လိုပဲ ကျွန်တော် ယုံကြည်မိသည်။ ဒီတက်စပြုချိန်တွင် ကျွန်တော်ပြန်ခဲ့ပါသည်။ “ပေါင်းစည်းရင်း ကွဲလွဲနိုင်ကြပါစေ၊ ကွဲလွဲရင်းပေါင်းစည်း နိုင်ကြပါစေ“ ဆရာ့စကားကို ကျွန်တော် ကြားယောင်သည်။ “စာရေးဆရာ အလုပ်ကိုဂုဏ်သိက္ခာအရှိဆုံး အလုပ်လို့ ငယ်ငယ်ကတည်းက ယုံကြည်တယ်၊ ဂုဏ်သိက္ခာဆိုတာ ရုပ်ဝတ္ထုကြွယ်ဝတာကို ဆိုလိုတာမဟုတ်ဘူး၊ ရိုးသားမှုနဲ့ အမှန်တရားကို မြတ်နိုးမှုကို ဆိုလိုတာ“ ဆရာ့ ယုံကြည်ချက်ကို ကျွန်တော်ပြန်သတိရသည်။ ဆရာ၏ ရိုးသား၍ မာနကင်းသောအသွင်ကို ကျွန်တော် ပြန်မြင်ယောင်သည်။ ယခုတော့ ဆရာကွယ်လွန်ခဲ့သည်မှာ ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီ။ ဆရာကွယ်လွန်သောအခါ ဆရာချစ်ဝင်းမောင်က “အင်းဆက်တစ်ကောင်၏ နာရေးမဟုတ်ပါ“ ဟုရေးသားခဲ့သည်။ ဆရာမောင်သာချိုက “အစားထိုးမရတဲ့ တံတားကျိုးကျမှု“ ဟုဖွဲ့ဆိုသည်။ ဟုတ်သည်။ ဆရာသည်ကမ္ဘာ့ဂန္ထဝင်စာပေ အစုစုတို့နှင့် ကျွန်တော်တို့ မြန်မာလူထုအား ပေါင်းကူးဆက်သွယ်ပေးခဲ့သူ ဖြစ်သည်။ ဆရာသာမရှိခဲ့ပါက ကျွန်တော်တို့ ကမ္ဘာ့စာပေအဆီအနှစ်တို့ကို ဖတ်ရှုခွင့်ကြုံမည်မဟုတ်ဟု ပြောရလောက်အောင် ဆရာက အလုပ်အများကြီး လုပ်သွားခဲ့သည်။ ကျွန်တော်တို့ မျက်စိပွင့် နားပွင့်ခဲ့ရသည်။ ဆရာသည် မြန်မာပြည်အတွက် လူဖြစ်လာခဲ့သည်ဟုသာ ဆိုချင်ပါတော့သည်။ သည်ဘက်နောက်ပိုင်းတွင် ဆရာ၏ ဂုဏ်ပုဒ်များကို ကိုယ်စားပြု၍ ဆရာ့ကိုအမျိုးမျိုး တင်စားခဲ့ကြသည်။ကျွန်တော်ကတော့ ဆရာ့ကို “သံမဏိနှင်းဆီ“ ဟုတင်စားမိသည်။ ဟုတ်သည်။ ဆရာက နှင်းဆီ ဖြစ်သည်။ သူ့ရနံ့ကမွှေးသည်။ သူ့အဆင်းက လှသည်။ မြင်မြင်တကာလူတို့၏ အသည်းနှလုံးကို သိမ်းကြုံးဆွဲငင်နိုင်သည့် နှင်းဆီ။ သို့သော်သည်နှင်းဆီက သာမညနှင်းဆီမဟုတ်၊ သံမဏိနှင်းဆီ….....မီးတောက်မီးလျှံထဲတွင် ဖန်တစ်ရာတေအောင် ပြုပြင်စီရင်ထားသည့် နှင်းဆီ…။ ပြန့်ပြူး ညီညာသော မြေအပြင်တွင် သူမပွင့်၊ ကြမ်းတမ်းခက်တရော်သော ကန္တာမြေတွင်သာ သူပွင့်သည်။ လေပြည်လေညင်းကို သူမမျှော်၊ မုန်တိုင်းထဲတွင်သာ သူပျော်သည်။ သူ့ရနံ့က ဆင်စွယ်နန်းတော်ထဲမှ အခွင့်ထူးခံနေသူများ အတွက်မဟုတ်၊ ခရီးကြမ်း၌ ပန်းဟိုက်နွမ်းနယ်လာသူ လူသားအတွက်ဖြစ်သည်။ သံမဏိနှင်းဆီ ။ ဆရာ့ဘဝတစ်လျှောက်လုံး၌ ယုံကြည်ချက်နှင့် ပတ်သက်လာလျှင် မြဲမြံ ခိုင်ခံ့ခဲ့သည်။ အရေလည်းမပျော်ခဲ့၊ အရောင်လည်းမပြောင်းခဲ့။ ထို့ကြောင့် ကျွန်တော်ကဆရာ့ကို သံမဏိနှင်းဆီဟုတင်စားမိခဲ့သည်။ ယခု နှင်းဆီမရှိတော့ပြီ။ သို့သော်သူ့ရနံ့က မပြယ်၊မပျောက်။ ကြိုင်မြဲကြိုင်လျက်၊ လှိုင်မြဲလှိုင်လျက်။ တစ်နေ့သောအခါတွင် ကျွန်တော်တို့သည် “သံမဏိနှင်းဆီ“ ၏ အမည်နာမအား ယခုထက်ပို၍ ကျယ်ကျယ်လောင်လောင် ရွတ်ဆိုနိုင်ပါလိမ့်မည်။ နှင်းဆီ၏ရနံ့သည်လည်း ယခုထက်ပို၍ မြန်မာနိုင်ငံတစ်နံတစ်လျားသို့ ပျံ့နှံ့ရောက်ရှိ နိုင်ပါလိမ့်မည်။ ထိုရနံ့မှပင် ထုံကူးမျိုးပွားသန့်စင်ကာ နောက်ထပ် နှင်းဆီများ ထပ်မံပွင့်လန်းလာပါလိမ့်ဦးမည်။ ထိုတစ်နေ့တွင်ပင်… အရှေ့တစ်ခွင်လုံးသည် နီမောင်းသော အလျှံရောင်ခြည်တို့ဖြင့် အမှန်တစ်ကယ်ပင် စိုစွတ်တောက်ပ နေပါလိမ့်မည်။ ။ စာပေသစ္စာဖြင့် ----ညိုထက်ညို----
Posted By MgThaJan at 10:16 AM 2 comments
Labels: Images
Monday, February 18, 2008
Beauty and the beast

Beauty and the beast
Originally uploaded by Franklin T..
စနေနေ့ မနက်နိုးလာတော့ ဘာမှလဲ လုပ်စရာ မရှိ.. ငေါင်တောင် ကြောင်တောင်နဲ့ ဝရံတာကို ထွက်လိုက်တော့ လှလှပပ ပန်းနီလေး ပွင့်နေတာကို တွေ့လိုက်ရတယ်... အဆင်သင့် ပါပဲ... ၇-၈ ပုံလောက် အမျိုးမျိုး စမ်းရိုက်ထားတဲ့ အထဲက အကြိုက်ဆုံး ပုံလေးပါ...
Posted By Gu Gu at 3:51 PM 0 comments
Labels: Photo
Wednesday, February 13, 2008
အောင်ဆန်းဇာနည်
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။
(အမည်မသိ)
ကျနော်တို့ ငယ်ငယ် ကတော့ ဒီကဗျာလေးကို ကျောင်းသုံးစာအုပ်မှာဖော်ပြခဲ့ပါတယ်။ ဒဲာဒီ ကဗျာလေးကို ဆရာမ ကဆိုခိုင်းရင် ကျောင်းသားကျောင်းသူလေးများ ၀င်းလက်လက် မျက်လုံးလေးများနဲ့ အသံကုန် ဆိုခဲ့ကြတာ မှတ်မိနေပါတယ်။
ကဗျာ နောက်ဆုံးပိုဒ် မှာ ပါတဲ့ ဆိုရှယ်လစ်ဘောင် လမ်းစဉ် ကတော့ ဗိုလ်ချုပ် ချမှတ်သွား မသွားက တော့ ကျနော်လည်းမသိပါဘူး။ ငယ်ငယ်ကတော့ အတော်ရွတ်လို့ကောင်းတယ်။
၉၃ နှစ်ပြည့်ပြီဖြစ်တဲ့ အဘိုးအောင်ဆန်း များ ရှိနေခဲ့ဦးရင်..
(ကဗျာနဲ့ ဗိုလ်ချုပ်ပုံကို ဆရာမမေငြိမ်း ဆီက ကူးယူဖော်ပြပါတယ်။)
Posted By Kyaw Moe Nyan at 1:43 PM 1 comments
Soulmate vs. Coffee-Mate
ဘဝ လက်တွဲဖေါ်တဲ့... ပထမဦးဆုံး မရှိမဖြစ် လိုအပ်တာတော့ လက်တစ်ဖက် အနည်းဆုံး ရှိရမယ်ပေါ့... ဟုတ်တယ်လေ... ဒါမှလဲ လက်တွဲလို့ ရနိုင်မှာပေါ့... :P
၁။ ကျနော်က ဟိုကောင် နှစ်ကောင်လို သိပ်ပြီး ဂျီးမများ တတ်ပါဘူး... လူမျိုးမရွေး ဘာသာ မရွေးပါပဲ... ကပ္ပလီမလေးဆိုလဲ Beyonce လောက် ချောရင် ရပါပြီ... ဘိုမလေးဆိုလဲ Jennifer Love Hewitt လောက် ချောရင်ပဲ ကိစ္စမရှိပါဘူး...
၂။ ပညာ အရည်အချင်းကတော့ PhD လောက် ရှိရင်ပဲ လက်ခံနိုင်ပါတယ်...
၃။ သူခြစ် ကိုယ်ခြစ် ဖြစ်ရမယ်ပေါ့... soft pen နဲ့ ခြစ် တာကို ပြောတာပါ...
ကဲ ကဲ... အတည်ပြောပါ့မယ်...
၁။ ကိုယ်နဲ့ ခံစားချက်တွေ တူညီနေမဲ့ ချစ်သူ...
၂။ တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ တည်ဆောက်နိုင်မဲ့ ချစ်သူ...
၃။ ဘဝရဲ့ အတက်အကျ အနှိမ့်အမြင့်တွေ အပေါ် ကိုယ်နဲ့ ရဲရဲ လိုက်ရဲမဲ့ ချစ်သူ...
၎။ စိတ်ဓါတ် တည်ကြည် ဖြောင့်မတ်ပြီး.. သနားကြင်နာတတ်တဲ့ ချစ်သူ...
၅။ ကိုယ်နဲ့ ဝါသနာ မတူရင်တောင်မှ ကိုယ့် ဝါသနာကို နားလည်ပေးနိုင်မဲ့ ချစ်သူ...
ကျန်တဲ့.. ရုပ်ရည်၊ ပညာ အရည်အချင်း၊ အသက်အရွယ် စသည်ဖြင့် ကတော့ ပြောစရာ မလိုတော့ပါဘူး... သူ့ဟာနဲ့သူ ဖြစ်လာတာတွေလို့ပဲ ထင်ပါတယ်... အကျင့်သီလ ကောင်းဖို့သာ အရေးကြီးပါတယ်...
Posted By Gu Gu at 1:38 PM 2 comments
Labels: Tag Game
Tuesday, February 12, 2008
ဘဝလက်တွဲဖော်
၂၀ ကျော် ၂၅ တုန်းကတော့ ဘဝလက်တွဲဖော်ဆိုတာကို တွေးကိုမတွေးမိတာဗျ။ တစ်ခြားဟာ
တွေ ပဲ တွေးမိတယ်…ဟားဟား…အခုတော့ နည်းနည်းခေါင်းထဲ ရောက်လာပါပြီ။ အိုကေ၊ တွေးမိ သလောက်လေးရေး ကြည့်လိုက်မယ်။
၁။ မြန်မာ ဖြစ်စေချင်တယ် (တိုင်းရင်းသားလဲပါတယ်နော်)၊ ဗုဒ္ဓဘာသာဖြစ်ရမယ်။
၂။ ပညာအရည်အချင်းအသင့်အတင့်တော့ရှိရမယ်။
၃။ ရုပ်ရည်ရူ ပကာ သာမန်ထက်ပိုစေချင်တယ်ဗျာ….ဟားဟား….above the average…ပေါ့
၎။ ကျွန်တော့်ကို ချစ်တဲ့သူလည်း ဖြစ်ရမယ်။ ကျွန်တော်ကလည်းချစ်တဲ့သူပေါ့နော်။
၅။ စိတ်နှလုံးနူးညံ့ သိမ်မွေ့ သြူုဖစ်ရမယ်။ လျှပ်ပေါ်လော်လီသူမဖြစ်ရ။စိတ်ယဉ်ကျေးမှုရှိရမယ်။
မြန်မာ့ယဉ်ကျေးမှု နဲ့ အညီ လူကြီးမိဘတွေကိုရိုသေ လေးစားတတ်သူဖြစ်ရမယ်။
၆။ ရောင့်ရဲတင်းတိမ်လွယ်သူ ဖြစ်စေချင်တယ် (ကျွန်တော်ငွေရှာတာဝါသနာမပါလို့ ဗျို့၊ အ
တော့်ကိုပျင်းဖို့ ကောင်းတဲ့အလုပ်ကြီးဗျ ၊ နော် ။ ) ရှာလည်းသိပ်ရှာနိုင်မယ်မထင်ဘူး။
၇။ ကျွန်တော့်ထက် ငယ်ရမယ်။ အနည်းဆုံးတစ်နှစ်လောက်ဖြစ်ဖြစ် ။ ပိုငယ်ရင်ကောမကြိုက်
ဘူးလားမမေးနဲ့ နော်၊ ကြိုက်မှ ကြိုက် ။
၈။ စာပေဗဟုသုတ အသင့်အတင့်တော့ရှိ စေချင်တယ်။ နို့မို့ပျင်းစရာကြီးဗျာ ။ပြောစရာရှိမှာ မ
ဟုတ်ဘူး။
၉။ နောက်ဆုံးအချက်အနေနဲ့ တော့ introvert type ဖြစ်စေချင်တယ်ဗျာ။ အသွင်တူအောင်။
extrovert type တွေနဲ့ ကျွန်တော်က ကီးမကိုက်ဘူးဗျ။ ကျွန်တော်ကတွေးချင်ရာတွေး၊
ငေးချင်ရာငေး သမား။
၁၀။ အဆစ်ကလေးနည်းနည်းထည့်လိုက်မယ်။ ကဗျာဝါသနာပါရင်တော့သိပ်ကောင်းမှာပဲဗျာ။
လောလောဆယ်စဉ်းစား မိသလောက်တော့ဒီလောက်ပါပဲဗျာ။ တွေ့မလား မတွေ့ မလားက
တော့မသိပါဘူး။ တွေးသမျှ ရေးချ မိလိုက်တာပါ။ မျက်နှာငွေလရွှင်ပပနှင့် လေးမဝမ်းမြောက်ပါလေတော့…:D
Posted By Nyo Htet Nyo at 12:16 PM 1 comments
Labels: Tag Game
Monday, February 11, 2008
ဘ၀လက်တွဲဖော်
အသက် 20-25 တုန်းကတော့ဗျာ ရုပ်ရှိရေလျှံ ဆိုတော့ (ဟီးဟီး) ဘ၀လက်တွဲဖော် အတွက် စံသတ်မှတ်ချက်တွေ များတာပေါ့။
နံပါတ် ၁) ကျွန်တော့်နဲ့လိုက်အောင် ချောရမယ်ဗျ။ သတို့သားက အရမ်းချောပြီး သတို့သမီးနဲ့ မလိုက်ရင်ဘယ်လို လုပ်မလဲ နော့် :P ။
နံပါတ် ၂) အချစ်လဲ လိုအပ်တာပေါ့။ ကျွန်တော့်ကို ချစ်ရမယ်ဗျ။ ကျွန်တော်ကတော့ သူချောရင် ချစ်မှာပါ :D ။
နံပါတ် ၃) အတွေးအခေါ် ဗဟုသုတလဲ ရှိရမယ်ဗျ။ တခါတလေ ကမ္ဘာအကြောင်း မြန်မာ့အကြောင်းလေး ဆွေးနွေးမယ်ဆို ဟိုမင်းသားက ဘယ်လို ဒီမင်းသမီးက ဘယ်လို ဆို ဒွတ်ခ။
နံပါတ် ၄) အိနြေ္ဒသိက္ခာရှိပြီး အရိပ်သုံးပါ နားလည်ဖို့လဲ လိုသေးတယ်။
နံပါတ် ၅) ခေတ်ရှေ့လဲ မပြေးလွန်း၊ တိုက်ဂေါပုံမျိုးလဲ မဖြစ်စေရ။
နံပါတ် ၆) ကျွန်တော်မိဘတွေကိုလဲ ရိုသေပြီး၊ လင်ကိုဘုရား သားကိုသခင် ဆို အကောင်းဆုံးပါ့။
နံပါတ် ၇) ကျွန်တော့ထက် အသက် မကြီးရ။ ဆရာလာလာ လုပ်နေအုံးမယ်။
နံပါတ် ၈) လူမျိုး၊ဘာသာ က အေးဆေး။ ယူပြီးမှ အတင်းပြောင်းခိုင်းမယ် :D ။
နံပါတ် ၉) အပျင်းမထူရဘူးဗျ။ ကျွန်တော်က သိပ်ပျင်းတာ။ နှစ်ယောက်လုံး ပျင်းနေရင် ဘာမှ ဖြစ်တော့မှာ မဟုတ်ဘူး။
အဲလို အချက်တွေနဲ့ ရှာလိုက်တာ ထီးလဲဖြူပြီ ဖိနပ်လဲပါးပြီ။ ရုပ်ရှိရေလျှံကနေ ရုပ်အိုရေခန်းလဲ ဖြစ်နေပြီ :( ။ ဒါကြောင့် ဘာမှ သတ်မှတ်ချက်တွေ မထားတော့ပါဘူး။ ချစ်သူလေး ဖြစ်စေချင်တာကိုသာ ပြောပါ။ ကျွန်တော့်ကို ချစ်ရင် တော်ပါပြီ၊ ကျန်တာ သူုဖြစ်စေချင်သလို အကုန် ဖြစ်ရပါစေ့မယ်လို့ :P ။
Posted By MgThaJan at 8:31 PM 1 comments
Labels: Tag Game
mmWordPress.com

မြန်မာဘာသာနဲ့ wordpress အကြောင်း သီးသန့် ဘလော့ဂ်တစ်ခု လုပ်ချင်နေတာ ကြာပါပြီ။ အခုရက်ပိုင်းတွေမှာ ကျွန်တော် သိသမျှ wordpress အကြောင်းနဲ့ အခြား မြန်မာ wordpresser များရဲ့ လမ်းညွှန် ပို့စ် တွေကို တစ်နေရာတည်းမှာ ဖော်ပြနိုင်ဖို့ http://mmwordpress.com ဆိုတာလေးကို ဖန်တီးနေခဲ့ပါတယ်။ လုပ်လိုက် စိတ်တိုင်းမကျလို့ ဖျက်လိုက်နဲ့ အခု 90% လောက်ပြီးစီးပြီမို့ လာရောက် ဝေဖန် အကြံပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီဘလော့ဂ်မှာ ကူညီရေးသားပေးဖို့ကိုလဲ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်ကို ဆက်သွယ်ချင်ရင် mmwordpress@gmail.com ကိုဖြစ်ဖြစ် mmwordpress မှာ ကော့မန့် ချခဲ့ပြီးဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ် ခင်ဗျား။
Posted By MgThaJan at 9:47 AM 0 comments
Labels: Wordpress
Sunday, February 10, 2008
Stairway to heaven

Sunset and clouds
Originally uploaded by Franklin T..
၂၀၀၆ ခုနှစ် တောင်ကြီး ကို သူငယ်ချင်းတွေနဲ့ အတူ အလည်ရောက်ခဲ့ပါတယ်... စူဋ္ဌာမုနိဘုရားကို ရောက်တော့ နေဝင်ချိန် ဖြစ်နေပါပြီ... လှလိုက်တဲ့ တိမ်တွေရယ်လေ.. လှေကားထစ်လေးတွေလို တိမ်လွှာတွေ.. ကျနေရောင်ကြောင့် လိမ္မော်ရောင်သမ်းပြီး တောက်နေလိုက်တာ... ကံကောင်းထောက်မစွာနဲ့ ဒီဓါတ်ပုံလေးကို ရိုက်ခွင့် ရလိုက်ပါတယ်... ဓါတ်ပုံလေးကို “ကောင်းကင်ပေါ်သို့ လှေကားထစ်များ” လို့ နာမည်ပေးထားပါတယ်...
Posted By Gu Gu at 8:16 AM 0 comments
Labels: Photo
Wednesday, February 6, 2008
အထီးကျန်တောင်ကုန်း
ဒီမြစ်မှာမှ လကသာနေတော့ရဲ့
အိပ်တန်းပျောက်၊ ငှက်တစ်ကောင်
တောင်ပံခတ်ငိုနေသလား
ဘယ့်နှယ့်၊ ညရဲ့အရည်တွေ တရွှဲ ရွှဲ
ငါ့ကိုယ်ပေါ် စီးဆင်းနေလိုက်ကြတာ
ပင်လယ်မင်္ဂလာဆောင်က ပြန်လာတဲ့
ဟိုးဝေးဝေး မြင်းခွာသံကိုတောင်
စိုစို စိမ်းစိမ်း မြင်ရတယ်
တုံးလုံးပက်လက်
အိပ်မပျော်သူကြီးပါလေ
အနှစ်နှစ် အလလက
တောအုပ်ကလေး ခြုံခြုံ ပြီး
အရှက်လုံအောင် ထိန်းထိန်းနေရပုံ
ဘဝမှာ
သစ်ခုတ်သမားတွေမလာခင်
နွေဦးရယ် ရှင်ကွဲ မကွဲပါရစေနဲ့ ၊ ယုံနော် ။ ။
အောင်ဝေး
Posted By Nyo Htet Nyo at 8:54 AM 0 comments
Labels: Poem
Sunday, February 3, 2008
စည်းတွေခြားနေ မင်းနဲ့ငါ

Lines
Originally uploaded by Franklin T..
တိမ်ထူပြီး မှုန်ကုပ်ကုပ် ဖြစ်နေတဲ့ ဒီတစ်ပတ်ရဲ့ စနေနေ့ ကတော့ တော်တော့်ကို စိတ်လေစရာပါပဲ... အပြင်ထွက်ပြီး ပန်းခြံကိုသွား.. နေဝင်ချိန်လေး အမှီ ဓါတ်ပုံရိုက်ဖို့ ကြိုးစားပေမဲ့လဲ.. လိုချင်သလို ဖြစ်မလာခဲ့ပါဘူး... ဒါနဲ့ပဲ နေ့လည်က အိမ်မှာ စိတ်ကူးပေါက်ပြီး ရိုက်ခဲ့တဲ့ ဒီပုံလေးကိုပဲ ဒီ စနေ အတွက် တင်ပေးလိုက်ပါတယ်.. ဓါတ်ပုံလေးရဲ့ ခေါင်းစဉ်က “စည်းတွေခြားနေ မင်းနဲ့ငါ” ဆိုပြီး ပေးထားပါတယ်... mood ဝင်နေတဲ့ ခေါင်းစဉ်လေးပဲ ပေးဖြစ်လိုက်တာပါ...
တစ်ခြား ဓါတ်ပုံလေးတွေ ကြည့်ချင်သေးတယ်ဆိုရင်တော့ ဒီနေရာမှာ ထပ်ကြည့်နိုင်ပါတယ်...
Posted By Gu Gu at 1:23 PM 0 comments
Labels: Photo
Friday, February 1, 2008
ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို
“ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်“…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံ တင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့…..ညိမ်းညို ။ ။
ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 
ညိုထက်ညို ( ၂၃၊၀၁၊၀၈ )
Posted By Nyo Htet Nyo at 10:12 AM 2 comments
Labels: Poem




