Friday, March 28, 2008

သူငယ်ချင်း နေထက်နိုင် သို့

သူငယ်ချင်းရေ.. မင်းရဲ့ စာ နဲ့ “မိုးမခ” က ဆောင်းပါးကို ဖတ်ရတယ်ကွာ။ ဒါနဲ့ ငါ အတွေးတချို့ ၀င်လာတယ်။ နံပါတ်တစ် အရေးကြီးဆုံး အချက် သူတို့ရဲ့ တပ်မတော်ထဲကို ၀င်ရခြင်း အကြောင်းတရားကို ပြန်စဉ်းစားကြည့်တော့ ဘ၀တိုးတက်ရေးဆိုတဲ့ ဟာက အဓိက အကျဆုံးဖြစ်တယ်ကွ။ ကွာ.. စစ်ဗိုလ်တွေ လက်ညိုးညွှန်ရာ ရေဖြစ်တဲ့ ခေတ်ကွာ။ ဘယ်သူမဆို စစ်ဗိုလ် လုပ်ချင်တာ မဆန်းပါဘူး။ မင်းညီလဲ ဒါကြောင့်ပဲ ဗိုလ်လောင်း လျှောက်ခဲ့တာ မဟုတ်လား။ ဒါကိုအခြေခံပြီး စဉ်းစားလိုက်ရင် မင်းပြောသလို သေနတ်ပြောင်းကို လှည့်ဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်ပါတော့မလဲ။ ငါ မင်းရဲ့ ညီ နဲ့ အလားတူ စစ်ဗိုလ်လေးတွေရဲ့ နေရာမှာ ၀င်ပြီး စဉ်းစားကြည့်မိတယ်။ သူတို့သာ မင်းကို ပြန်စာပို့မယ်ဆိုရင် ဒီလိုများ ပြောလေမလားပဲ.........

အကို.....
အကို့စာနဲ့ “မိုးမခ” က ဆောင်းပါးကို ညီသေချာဖတ်ပါတယ်။ အခု အကို့ကို ညီအကိုချင်းမို့ စိတ်ထဲ ရှိတာ ပြောပြပါမယ်။ ညီတို့နိုင်ငံ ဆင်းရဲတာ သိပါတယ်။ ခေါင်းဆောင်ပိုင်းတွေ ဘာတွေလုပ်နေတယ် ဘယ်လိုရူးနေတယ် ဆိုတာ အကို့ထက် ညီပိုသိတာပေါ့။ ဒါပေမယ့်..အကို နိုင်ငံဆင်းရဲတာ ကျွန်တော်တို့ကိုပဲ အပြစ်တင်လို့မရဘူး။ ဒီလောက် အဖက်ဖက်က ပိတ်ဆို့နေတာကိုလဲ ထည့်ပြောအုံးလေ။ အကိုက သတ္တိပြဖို့ အချိန်ရောက်ပြီပြောတယ်။ အကိုပြောတဲ့ သတ္တိမျိုးပြလိုက်ရင် အရင်ဆုံး ဒုက္ခရောက်မှာက ညီနဲ့ ညီ့မိသားစု။ နောက်တခုက ဒီလိုလုပ်လို့ ဘယ်သူတွေ တကယ်အကျိုးရှိမလဲ ပြန်စဉ်းစားရမယ်။ တိုင်းပြည်ချစ်တယ်လို့ ပါးစပ်ကအော်ပြီး နိုင်ငံခြားမှာ ဒေါ်လာတွေ ဘဏ်စာရင်းထဲ ဘယ်လောက်ရောက်လာပီလဲပဲ တွက်နေတဲ့ လူမျိုးတွေ အခွင့်အရေးယူသွားမှာမျိုး အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ မြန်မာပြည်လူထု ကလဲ ပြတ်သားတဲ့ အုပ်ချုပ်မှုမျိုး မရှိရင် မဖြစ်ဘူး အကို။ နည်းနည်းလေး လွှတ်ပေးလိုက်တာနဲ့ ခေါင်းထဖြတ်တော့တာပဲ။ ဘယ်လောက်ဆိုးရွား ရက်စက်လဲ ဆိုတာ အကို ကြားမြင်ဖူးမှာပါ။ အခုနောက်ဆုံး သံဃာတော်တွေ ကိစ္စ။ ပြည်ပ မီဒီယာတွေကိုကြီးပဲ မယုံနဲ့ အကို။ ကျွန်တော်တို့ ပစ်တယ် ရိုက်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သံဃာတွေကို မပစ်ခဲ့ပါဘူး။ ဒီကိစ္စမှာ သင်္ကန်း ရုံထားတဲ့ လူတွေ ဒီလိုမျိုးဖြစ်အောင် အကွက်ကျကျ လုံ့ဆော်စီစဉ်ခဲ့တာ ကျွန်တော်တို့ ပိုသိပါတယ်။ ကျွန်တော်တို့ ဖြေရှင်းခဲ့တာ နည်းနည်း ပြင်းထန်ကောင်းပြင်းထန်မယ်။ ကျွန်တော်တို့လဲ ဘယ်လုပ်ချင်ပါ့မလဲ... ဒါပေမယ့် ဒီလိုမှ မဖြေရှင်းရင် ဒုတိယ 88 လိုမျိုး မင်းမဲ့စရိုက်တွေ ဖြစ်လာအုံးမှာ အသေအချာပဲ။ အဲဒီအချိန်ကျ သံဃာတွေလဲ ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်သားတွေရဲ့ အဓိက အရေးကြီးဆုံးက အမိန့်နာခံတတ်မှုပဲ ဒါကို အရိုးစွဲအောင် လုပ်ထားတာ။ နောက်တခု ပွင့်ပွင့်လင်းလင်းပြောမယ် အကို။ ကျွန်တော်တို့က လူတွေထဲကမှ ယောက်ျား၊ ယောက်ျားတွေထဲကမှ စစ်သား၊ စစ်သားတွေထဲကမှ စစ်ဗိုလ်တွေ။ ကျွန်တော်တို့ ဒီနေရာကို လွယ်လွယ်ကူကူ ရောက်လာတာမဟုတ်ဘူး။ အသက်နဲ့ရင်း ဆင်းရဲပင်ပန်းခံပြီးမှ ရလာခဲ့တာ။ ဒီအတွက် တုန့်ပြန်မှု တစ်ခုတော့ ရှိကိုရှိရမယ်။ အကိုလဲ ကိုယ့်ဘ၀ တိုးတက်ဖို့အတွက် နိုင်ငံခြားထွက်ခဲ့တာပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်နေတဲ့ ပြသနာတွေပေါ်မှာ အခွင့်ရေးယူခဲ့တာပဲ။ ဒါကြောင့် ကျွန်တော်တို့ကို အတ္တကြီးတယ် ပုံစံမျိုး မပြောနဲ့အကို။ ကျွန်တော့်တို့ရဲ့ နိုင်ငံချစ်တဲ့စိတ်က အကို့ထက် မနည်းဘူး။ ဒါကိုယုံ။ အခုကျွန်တော်တို့ နိုင်ငံအတွက်လုပ်နေပါတယ်။ အားလုံးအတွက်ကောင်းမယ့် ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ လမ်းစဉ်ကို လိုက်နေပါတယ်။ အခြေခံ ဥပဒေ ပြီးသွားရင်၊ ရွေးကောက်ပွဲ ပြီးသွားရင် အရပ်သားဘက်ကလဲ အုပ်ချုပ်မှုပိုင်းမှာ ပါဝင်လာနိုင်မယ်။ နိုင်ငံခြား ဖိအားတွေလဲ လျော့ပါးသွားမယ်။ နိုင်ငံစီးပွားရေးလဲ ခေါင်းပြန်ထောင်လာနိုင်မယ်။ အကိုမျှော်လင့်နေတဲ့ ပုံစံမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဘယ်လိုဖြစ်ဖြစ် အကို မဖြစ်နိုင်တာကြီးကို စိတ်ကူးမယဉ်ပဲ အားလုံးအတွက် ကောင်းမယ့် လမ်းကို တူတူလျှောက်ကြပါစို့။ ကျွန်တော်တို့ အရင်လို ညီအကိုချင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နိုင်ငံအကျိုး ကိုယ့်အကျိုး တူတူ သယ်ပိုးကြပါစို့။
ညီလေး
စစ်မင်းသား


ကဲ.. သူငယ်ချင်းရေ ငါကတော့ ငါ့အတွေးအထင်ကို ရေးလိုက်တာပါ။ တကယ်တန်း ပြောရရင် နိုင်ငံခြား ပညာတော်သင် ရောက်နေတဲ့ စစ်ဗိုလ်တွေရယ်၊ မီဒီယာတွေကို စောင့်ကြည့်ဖို့ သီးသန့် ဖွဲ့စည်းထားမယ့် စစ်ဗိုလ် အသိုင်းအ၀ိုင်းကလွဲလို့ မင်းတို့ ငါတို့ရဲ့ စာတွေကို ဘယ် စစ်ဗိုလ် စစ်သားမှ ဖတ်ဖို့ အခွင့်ရမယ် ဖတ်ချင်လိမ့်မယ်လို့ မထင်ပါဘူး။ မင်း တွေးတောဆင်ခြင်ကြည့်ဖို့ပါ...။
မောင်သင်္ကြန်

ဆက်ဖတ်ရန်...

Thursday, March 27, 2008

တပ်မတော်ထဲက ညီလေးသို့ 

ညီလေးနဲ့ မတွေ့ တာလည်း ဘာလိုလိုနဲ့ နှစ်နှစ်ပြည့် တော့မယ်။ ညီလေးကော အခု မှော်ဘီ မှာပဲလား။ မင်းဇနီး နဲ့ အစ်ကို့ တူလေးကော…နေကောင်းကြရဲ့ လား။ တခြားတော့မဟုတ်ပါဘူး ညီလေးရေ၊ မိုးမခထဲက “စစ်သားပဲကျန်တော့တယ်“ ဆိုတဲ့ ဆောင်းပါးလေးကိုဖတ်ပြီး ညီလေးဆီ ဒီစာရေးလိုက်တာပါ။ ဆောင်းပါးအနှစ်ချုပ်ကတော့ကွာ…အစ်ကိုတို့ မြန်မာပြည်ကြီးအမြန်ဆုံး လွတ်မြောက်ဖို့ ညီလေးတို့ စစ်သားတွေကပဲ ကယ်တင်နိုင်တော့မယ့်အကြောင်းရေးထားတာပါ။ အစ်ကိုတို့ ပြည်သူတွေ ဘဝဘယ်လိုဆို တာတော့ ငါ့ညီလည်းသိပြီး ပဲကွာ။ အစ်ကို ဘာမှ အကျယ်ချဲ့ ရေးနေစရာ မလိုတော့ပါဘူး။ ကဲကွာ…တစ်ခြားမကြည့်ပါနဲ့။ မင်းနဲ့ကိုယ့်ရဲ့ အဖွား… ညတိုင်းမီးမလာဘဲ မှောင်ကြီးမည်းကြီး ထဲမှာ တစ်ယောက်ထဲ ထိုင်နေရတာ။ တက္ကစီဖိုး လည်းမတတ်နိုင် ၊ ဘတ်စ်ကားလဲ တိုးမစီးနိုင်လို အရင်လိုတောင် မြို့ထဲ မကြာမကြာမလာနိုင်တော့တာ ။ရေးနေရ ရင်တော့ဆုံးမှာမဟုတ်တော့ဘူးကွာ။ ဒီလိုပါ….အစ်ကိုပြောချင်တာက ငါ့ ညီတို့ တပ်ထဲမှာ ရှိတဲ့ မျိုးဆက်သစ် စစ်ဗိုလ်တွေ အားလုံး သတ္တိမွေး ဖို့ အချိန်ရောက်ပြီ ဆိုတဲ့အကြောင်းပါ။ ဘာအတွက် သတ္တိမွေးရမှာလဲ ။ အတိုဆုံး ဖြေရရင် ပြည်သူတွေအတွက်ပါ။ ပြည်သူတွေဆို တဲ့နေရာမှာ အစ်ကိုတို့ မင်းတို့ ရဲ့ အမျိုးအဆွေ တွေလည်းပါတယ်။မင်းမိသားစုလည်းပါတယ်နော်။ ညီလေးရေ၊ မင်းပဲ ပြန်စဉ်းစား ကြည့်ပါဦးကွာ ။မင်းတို့ ကိုယ်တို့ ငယ်ငယ်က အိမ်ကိုဆွမ်းခံ ကြွလာတဲ့ ဦးဇင်းတွေကို ။ ကိုယ်တို့ ညီအစ်ကိုတွေကို ဗုဒ္ဓဘာသာအခြေခံတွေ သင်ပြပေးခဲ့တာ ၊ အဖွားနဲ့ ကိုယ်တို့ မင်းတို့ ဦးဇင်းတွေကို ရိုရိုသေသေဆွမ်းနေ့ စဉ်ကပ်ခဲ့ ကြတာ …ဒါတွေ ညီလေးသတိရဦး မှာပါ။ ကဲ အခုတော့ကွာ…မင်းတို့ ကိုယ်တို့ ဟိုး ဘိုးစဉ်ဘောင်ဆက်ထဲက ကိုးကွယ်ခဲ့တဲ့ သံဃာတော်တွေ ကို ညီလေးတို့ တပ်မတော်ကြီးကပဲ ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ပြီ ။ ၁၈ ရက်နေ့ သံဃာတော်တွေ စကြွချီ ကတည်းက အစ်ကိုတို့ ပြည်သူတွေ မျက်ရည်မဆည် နိုင်ဖြစ်ခဲ့ရတယ်။ ဒီတစ်ခါတော့ တို့ ကိုဘုန်းဘုန်းတွေကယ်ပြီ ဆိုပြီး။ အစ်ကို စိတ်ထဲမှာလဲကွာ… စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြောပေါ့လေ။ သံဃာတော်တွေကိုတော့ ရက်ရက်စက်စက်မလုပ်လောက်ပါဘူးပေါ့လေ…မျှော်လင့်မိခဲ့တယ်။ အထင်နဲ့ အမြင် ပါစင်အောင်လွဲတာပါပဲ ညီလေးရေ။ မင်းတစ်ယောက်တော့ ကံကောင်းထောက်မစွာ နှိမ်နင်းတဲ့ တပ်စုတပ်ဖွဲ့ တွေမှာ တာဝန်မကျခဲ့ ဘူးပေါ့။တာဝန်ကျ ခဲ့ရင်ကော… ညီလေးဘာလုပ်မလဲ….ညီလေးအဖြေရ ခက်နေတော့မယ်ဆိုတာ အစ်ကိုသိပါတယ်ကွာ ။ကဲပါလေ၊ အစ်ကိုလိုရင်း ပဲပြောပါ့မယ်။ အခု အစ်ကိုတို့ ပြည်သူပြည်သား တစ်ရပ်လုံး ဒီစစ် ဖက်ဆစ်စနစ်ကြီး ကိုဆန့် ကျင်နေတယ်။ မြေပေါ် မြေအောက် ပုံသဏ္ဌာန် အမျိုးမျိုး နဲ့ ပေါ့လေ။ ညီလေးလည်းသိပြီး သားပဲလေ…ဒါတွေ…ကဲ မြေပေါ်အနေနဲ့ လူထုအုံကြွ တော့ ရက်ရက်စက်စက် ဂျီသရီး နဲ့ ပစ်သတ်တယ်။ ခေါင်းဆောင်တွေကို နလံမထူ နိုင်အောင် နှစ်ရှည်ထောင်ဒဏ်တွေချတယ်။ ဒါဆို လက်နက်ကိုင်တော်လှန်ရေး အနေ နဲ့ ကော….အစ်ကိုဝန်ခံပါတယ်…အစ်ကို တို့ မအောင်မြင်ဘူး။ ဘာလို့ လဲ။ ရှင်းရှင်းလေးပဲ ညီလေးရာ။ အင်အားအဆမတန်ကွာနေလို့ ပေါ့ ။ ညီလေးတို့ ရဲ့ တိုက်ရည်ခိုက်ရည် ကြောင့်မဟုတ်ဘူးနော်။ ညီလေး ယှဉ် ကြည့်ပါ။ညီလေးတို့ ဘက်မှာ အင်အား ၄ သိန်းရှိ တဲ့ ၊ နိုင်ငံတော်တစ်ခု လုံးကိုချုပ်ကိုင်ထားတဲ့ တပ်မတော်ကြီး၊ လက်နက်ဆိုတာလည်းပြောစရာမရှိ ၊ ငွေကြေးအတွက်လည်း ပူစရာမလို။ အစ်ကိုတို့ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ ပြည်တွင်းစစ်မှာ တောင်မှ ညီလေးတို့  လေယာဉ်တွေထုတ်သုံး ခဲ့ပြီပဲ ညီလေးရာ။ အစ်ကိုတို့ ဘယ့်နှယ်လုပ်ပြီး နိုင်အောင် တိုက်နိုင်တော့မလဲ။ ရှင်းရှင်း ပြောရရင် မြန်မာ့တပ်မတော် နိုင်တာဆိုလို့ လည်း အစ်ကိုတို့ ပြည်သူလူထုပဲ ရှိတော့တာ ပဲလေ။ ၂၀၀၁ နှစ်ဦးလောက်တုန်းက ဖြစ်တဲ့ ထိုင်းနဲ့ နယ်စပ်ပြဿနာ မှာ တို့ မြန်မာ့တပ်မတော်ကြီး အလဲအကွဲ ရှုံး သွားရတာ ညီလေးလည်း သိသင့်သလောက်သိမှာ ပေါ့။ အဲဒီတုန်းကညီလေး ဗိုလ်သင်တန်းတက်တုန်းဖြစ် လိမ့်မယ်။ ဗိုလ်တင်ဦး ကဘန်ကောက်ကိုတစ်ရက်ထဲနဲ့ သိမ်းပစ်မယ်လို့ ကြုံးဝါးတဲ့အချိန်ပေါ့။ အစ်ကို တောင်တွေးမိခဲ့ပါ သေးတယ်။ လေယာဉ်မရှိဘဲနဲ့ ဘယ့်နှယ်လုပ်ပြီးများ စစ်ပွဲ ကိုနိုင်အောင်တိုက်မလဲ ဆိုတာပါ။ စစ်ပွဲ ဆိုတာ ရွှေများများ ရှိတဲ့သူက နိုင်တာပဲတဲ့… စကားပုံလည်းရှိသားပဲကွာ….ကဲ…အဲဒီတော့ အစ်ကိုတို့ ပြည်သူလူထုမျှော်စရာ ဘာကျန်သေးလဲ။ လူထုတိုက်ပွဲ ဆင်တော့ ဂျီသရီးစာမိ ၊ လက်နက်ကိုင်တိုက်တော့လည်း အားမမျှ နဲ့ ။ ဒါ့ကြောင့်ပဲ သားသုံးသား ဆိုတဲ့ စကားပေါ် လာတာပေါ့ကွာ။ ညီလေးတို့သေနတ်ပြောင်းတွေ အာဏာရှင် တွေဘက်ပြန်လှည့် မှပဲ အစ်ကိုတို့ လွတ်မြောက်နိုင်တော့မယ်။ ဒီတစ်လမ်းပဲ ရှိတော့တယ်။ ဒါ့ကြောင့် ပဲ ညီလေးတို့ သတ္တိမွေး ဖို့ အချိန်ရောက်ပြီ လို့ အစ်ကို ပြောရတာပါ ။ အစ်ကို့ တစ်ယောက်ထဲအတွက် ပြောတာလည်းမဟုတ်ဘူး ။ မင်းအတွက်လည်း ထပ်တူထပ်မျှ ပါတယ်။ မင်းရဲ့ သား အစ်ကို့ တူလေးအတွက်လည်း ထပ်တူထပ်မျှပါတယ်။ အစ်ကိုတို့ ပြည်သူတွေ ဘက်ကတော့ အကြိမ်ကြိမ် သတ္တိပြ ခဲ့ ပြီး ပြီ။ နောက်လည်း ပြနေဦးမှာ ပဲ ။ အဲဒီတော့ အားလုံးအတွက် ဇာတ်သိမ်းလေး လှသွားအောင် ညီလေးတို့လည်း သတ္တိပြ ကြပါတော့ လို့ အစ်ကိုအလေးအနက် တောင်းဆိုလိုက်ပါတယ်။ တို့ တစ်တွေအားလုံး ပျော်ပျော် ရွှင်ရွှင် နဲ့ ဇာတ်ပေါင်းချင်လှ ပါပြီကွာ ။ ဒါပါပဲ…

မင်းနဲ့ တကွ မင်းမိသားစုအားလုံး ကျန်းမာချမ်းသာပါစေ

မင်းရဲ့ အစ်ကို

နေထက်နိုင်


ဆက်ဖတ်ရန်...

Sunday, March 23, 2008

ဥာဏ်သမား

လိပ်ပြာ၏ရန်၊ ပိတုန်းလှန်လည်း

ပန်းမာလ်တို့တွက် မဟုတ်ခဲ့။

ကျားအန္တရာယ်၊ မုဆိုးကယ်လည်း

သားငယ်တို့တွက် မဟုတ်ခဲ့။

ပိတုန်း လိပ်ပြာ၊ လှည့်ကွက်ရှာပြီ

ပန်းမာလာတို့ ညီညွတ်ကြ။

မုဆိုးနှင့် ကျား၊ ဥာဏ်ကစားပြီ

သားငယ်တို့လည်း ညီညွတ်ကြ။


(ဆရာကြီး) တင်မိုး

-လှေတစင်းနှင့်သီချင်းသည် (တတိယအကြိမ် ၁၉၇၂) သန်းဌေးစာပေ၊ရန်ကုန်မြို့

ဆက်ဖတ်ရန်...

Friday, March 21, 2008

Best free hosting for WP

WordPress အတွက် Free Hosting ခပ်ကောင်းကောင်းလေး ရှာနေတာ ကြာပါပြီ။ အခုလို သုံးနေကျ byethost (iblogger.org) ကလဲ နှေးလိုက် ပျက်လိုက် ဖြစ်နေတော့ အရင်က လုပ်ထားတာလေးကို ဖုန်ခါပြီး ads , banner တွေ မပါတဲ့ အောက်ဖော်ပြပါ free hosting 5 ခုကို စမ်းကြည့်ခဲ့ပါတယ်။


http://000webhost.com

http://freehostia.com


http://byethost.com


http://agilityhoster.com


http://hostsnake.com

အပြည့်အစုံကို http://mmwordpress.com တွင်ဖတ်ရှုနိုင်ပါတယ်။

ဆက်ဖတ်ရန်...

Thursday, March 20, 2008

အိုင္ဘေလာ့ဂ္ဂါ လဘာခ်ာ...

ဝေါ့ပရက်စ်စာ မိတ်ဆွေတို့ရေ.. ရန်ကုန်မှာ အိုင်ဘလော့ဂ်ဂါ သုံးရတာ ဘယ်လိုနေလဲတော့ မသိဘူး၊ ကျွန်တော့်ဆီမှာတော့ နှေးလိုက်တာမှ မတရား။ ဆာဗာကလဲ မကြာမကြာ ဒေါင်းပြီး အစွမ်းပြတတ်သေးတယ်။ တော်တော်စိတ်ပျက်နေပြီ၊ ကိုသင်္ကြန်ကြီး စတဲ့ ဇတ်လမ်းလေ လို့အပြစ်တင်ရင်လဲ ခံရတော့မှာပဲ ဟီး...။ ကျွန်တော်တော့ မကြာခင်မှာ အခြား ဟို့စ်တင်း ကိုပြောင်းပြေးတော့မယ်ဗျို့။ လောလောဆယ်တော့ ဖရီးဟို့စ်တင်း ခပ်ကောင်းကောင်းတွေကို လိုက်ရှာနေတယ်။ တွေ့ထားတာရှိရင်လဲ လက်တို့ကြပါ။ စမ်းလို့ တွေ့တာလေးတွေကို mmWordPress.com မှာ တင်ထားမယ်။ လမ်းကြုံရင်လဲ ၀င်လည်ကြပါဦး။ :)

စာကြွင်း။ ။ အခုသုံးတော့ မြန်နေသလိုပဲ မှားပါတယ်... ။

ဆက်ဖတ်ရန်...

Monday, March 17, 2008

ငွေမိုး

အိပ်မက်ထဲမှာ
ငွေမိုးလေး ရွာနေတယ်

နိုးလာတော့ တစ်ကယ်ပဲ
ငွေမိုးလေး ရွာနေတယ် ။ ။

ခင်ဝမ်း

ဆက်ဖတ်ရန်...

Wednesday, March 12, 2008

အိမ်အပြန်

ကြယ်တွေဆီ ရောက်ဖို့ဆို
အမြင့်ဆုံး ပျံဖို့လိုမယ်
သူငယ်ချင်းရေ
တို့အခု ပြန်ကြ စို့….။

calculator ကိုင်တဲ့လက်ဟာ
လိုအပ်ရင်အလံတော်ကိုကိုင်ရမယ်
သူငယ်ချင်းရေ
တို့အခု ထွက်ကြစို့….။

ယုံကြည်ချက်နဲ့
ရှုတဲ့အသက်မှ
အရသာရှိတယ်ဆိုတာ
မင်းကိုယ်တွေ့ပဲမဟုတ်လား
တို့အခု ပျံကြစို့….။

ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မယ်
ညီငယ် ၊ နှမငယ်
သားငယ် သမီးငယ်
တို့ချစ်တဲ့ သူတွေအတွက်
လှိုင်သာယာကို တို့ငြင်းတယ်
မှော်ဇာကို တို့ငြင်းတယ်
တာဝကို တို့ငြင်းတယ်
ရွှေပြည်သာကို တို့ငြင်းတယ်
တို့အခု ထွက်ကြစို့….။

လှိုင်းအလျားအပြည့်နဲ့
အတိုင်းသားတို့ပြန်ကြားရလိမ့်မယ်
ငါကအရေးတော်ပုံလို့တိုင်ရင်
မင်းကအောင်ရမည်လို့ကြွေးကြော်မယ်
သပိတ်ဆိုတာတို့အတွက်
မှောက်တဲ့ဘက်မှာပဲရှိတယ်
ပြည်သူတွေတီးတဲ့
အချိုဆုံးသံစဉ်
တို့နားဆင်မယ်
အတိုင်အဖောက်ညီမယ်
အချိတ်အဆက်မိမယ်
အသံပါတယ်
အသက်ပါတယ်
လေးကိုင်းကိုကွေးမယ်
လေးညှို့ကိုတင်မယ်
ဝန်ကိုထမ်းမယ်
ဓားကိုထုတ်မယ်



အမှောင်ကိုခွင်းမယ်
အလင်းကိုဆောင်မယ်
ကန်သင်းကိုရှင်းမယ်
ခလုတ်ကိုဖယ်မယ်
ဒေါင်းအလံကို
တို့အမြင့်ဆုံး လွှင့်တင်မယ်
အောင်ပွဲကို
တိုက်ပွဲနဲ့ယူမယ်
အုတ်တစ်ချပ်ကနေ
မြို့တစ်မြို့ကိုတည်မယ်
သဲတစ်ပွင့်ကနေ
သဲသောင်ပြင်ကိုဖန်ဆင်းမယ်
တိုင်ကြီး ၁၈ တိုင်ကို
နှလုံးသားပေါ်စိုက်မယ်
သမဂ္ဂကို
နှလုံးသားပေါ်ဆောက်မယ်
အဓိပတိလမ်းကို
ဒဏ်ရာတွေနဲ့ခင်းမယ်
ပြီးရင်
ရဲဘော်တွေနာမည် ထွင်းမယ်
မယိုင်မရွဲ့ဘူး
မတိမ်းမစောင်းဘူး
ပြည်သူ့ရင်မှာ
နှင်းဆီပွင့်မယ်
ပြည်သူ့နှလုံး
တို့သိမ်းကြုံးမယ်
စွယ်တော်လမ်းပေါ်
တို့ပြန်လျှောက်မယ်
ကံ့ကော်ရိပ်မှာ
တို့ချွေးသိပ်မယ်
အရေမပျော်ဘူး
အရောင်မပြောင်းဘူး
နှလုံးကခုန်နေသမျှ
ဧရာဝတီက ကိုယ်ထဲစီးဆင်းလိမ့်မယ်
ဇီဝဇိုး ငှက်တွေလို
တို့ပြည်ကို တို့တည်မယ်
လက်ရည်တစ်ပြင်တည်း
တို့ရှေးကထက်ပိုချစ်မယ်
ဓားတောင်ကိုကျော်မယ်
မီးပင်လယ်ကိုဖြတ်မယ်
မင်းအတောင်
ညောင်းခွင့်ငါမပေးဘူး
ငါ့သက်မ
ချခွင့်မင်းမပေးနဲ့
တို့အိမ်ကို ပြန်ရမယ်
သူငယ်ချင်းရေ
တို့အခု ပျံကြစို့
ဒီအချိန်ဆို
ရဲဘော်ဝိညာဉ်တွေက
သာဓုခေါ်ဖို့ တို့ကိုမျှော်နေရောပေါ့ ။ ။


မတ်လ၁၃ရက်နေ့တွင်ကျရောက်သောမြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ သို့မဟုတ် ဖုန်းမော်နေ့သို့

ညိုထက်ညို

“ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မယ်“ စာသားကို ကိုမင်းကိုနိုင်၏ ကဗျာမှ ယူငင်သုံးစွဲပါသည်။ခွင့်ပြုချက်မတောင်းခံနိုင်သည်ကိုနားလည်ခွင့်လွှတ်ပေးပါရန် ။ ။

ဆက်ဖတ်ရန်...

Monday, March 10, 2008

ကျွန်တော်နဲ့ဆေးလိပ်

ကျွန်တော် ဆေးလိပ် စသောက်တာ လက်ဖက်ရည်ဆိုင် မထိုင်တတ်လို့ဆို အံသြကြမလားပဲ။ ၉၃ လောက်တုန်းကပေါ့... ရှိသမျှ သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်မှာ သံမှိုနှက် ထားသလို ထိုင်၊ လေပန်း။ အုပ်စုတွင်း ပြန်ရောက်ခါစ ကျွန်တော်က ဘာမှ မသိ၊မတတ်။ သူတို့နဲ့ ကီး ညီအောင် ဘယ်လိုညှိရမှန်းလဲ မသိ။ သူတို့လို လက်ဖက်ရည် တစ်ခွက်နဲ့ အချိန် ၂-၃ နာရီ ကုန်အောင်လဲ မထိုင်တတ်။ ဒီကောင်တွေနဲ့ မပေါင်းပြန်လဲ ပေါင်းစရာမရှိတော့ ခွေးခြေ သေးသေးလေးမှာ ဖင်ကျိန်းအောင် ထိုင်ပြီး စိတ်ညစ် လိုက်ရတာ။ ဒါနဲ့ ဒီလိုတော့ မဖြစ်ချေဘူး၊ နည်းလမ်း ရှာမှပဲ ဆိုပြီး သူတို့ကို လိုက်ကြည့်တော့ အမယ် မောင်မင်းကြီးသားတွေက အကြမ်းလေးမော့လိုက်၊ လေပန်းလိုက်၊ ဆေးလိပ်လေးဖွာလိုက်၊ လေပန်းလိုက်နဲ့ တယ်ဟုတ်နေကြတာကိုး။ ကဲ.. ငါလိုနေတာ ဆေးလိပ်သောက်တာပဲ။ ပြောစရာစကား မရှိလဲ ဆေးလိပ်လေး ဖွာနေရင် ဟုတ်နေတာပဲ ဆိုပြီး “မင်းတို့က ပိုက်ဆံကို မီးရှို့ပြီး ရောဂါတွေကို ရှုသွင်းနေကြတာပဲ” ပြောခဲ့ဖူးတဲ့ ကျွန်တော် ဆေးလိပ်နဲ့ စပြီး မိတ်ဆက်ခဲ့ပါတော့တယ်။
အဲဒီအချိန်က ရန်ကုန် လက်ဖက်ရည်ဆိုင်တွေမှာ မာဘိုရို၊ 555၊ လပ်ကီး၊ ဒန်းဟေးလ် ကြိုက်တာသောက် အကုန်ရှိတယ်။ အခုလို ရှတတ လန်ဒန်နဲ့ ခပ်ညံ့ညံ့ ဗီးဂပ်စ် ပဲ ရှိတာ ဘယ်ဟုတ်မလဲ။ မြင်းစီးပြီး ကြော်ငြာတဲ့ မာဘိုရိုလေးနဲ့ဆို မိုက်မယ်။ တလိပ်မှ ၅ကျပ်တည်းရယ်။ ဒီကောင်တွေကို လိုက်တုတယ် မဖြစ်ရအောင် တစ်ယောက်တည်း ကြိတ်စမ်းမှ :P ။ ပထမ တစ်ဖွာ.. အားရပါးရ ရှိုက်။ အားပါး ချောင်းတွေ အဟွတ်ဟွတ် ဆိုးပြီး ခံရခက်လိုက်တာ။ နောက်တစ်ဖွာ.. အရမ်း မရှိုက်ရဲတော့ဖူး ဖြေးဖြေး ဖြေးဖြေး။ အဲ.. အတော်ဟုတ်လာပြီ :) ။ တစ်လိပ် ကုန်ခါနီးတော့ ခေါင်းတွေမူးပြီး ခံရခက်လိုက်တာ အရက်မူးတာမှ တော်သေးတယ်။ ဒီလို မဟုတ်ကဟုတ်က အတွေးတွေနဲ့ ဆေးလိပ် သောက်တတ်ခဲ့ပါတော့တယ်။ အော်.. ကျန်သေးတယ် ဒီကောင်တွေ သောက်တဲ့ လက်ဖက်ရည်ကို ကျွန်တော် ဘယ်လိုမှ သောက်လို့မရ (ချွဲတဲတဲနဲ့) အအေးသောက်တော့လဲ ကလေးလိုလိုနဲ့ ဖြစ်ချေဘူး။ နက်စ်အော တဲ့ ချိုချဉ်ခါးလေး မိုက်တယ်။ နက်စ်အော ပါ စွဲခဲ့ရသေးတယ် :P ။
ဘော်ဒါတွေထဲမှာ ဆေးလိပ်သောက် သက်တန်းအနုဆုံး ဖြစ်ပေမဲ့ အချိန်တို အတွင်းမှာ အရည်အချင်းက စကားပြောလာပါတော့တယ်။ သောက်နှုံး အားလုံးကိုကျော်ဖြတ်ပြီး ပထမ တရက် ၄-၅ လိပ်ကနေ၊ ၁၀လိပ်ကျော်၊ နောက်ပိုင်း တစ်ရက်တစ်ဗူး၊ နောက်ဆုံး တစ်ရက် တစ်ဗူးခွဲအထိ သောက်ဖြစ်ခဲ့တယ်။ တစွတ်စွတ်နဲ့ သောက်နေတော့ ဆေးလိပ်ဆာတယ် ဆိုတာတောင် မရှိတော့ဘူး။ ဆာချိန်မှ မရပဲကိုး။ သက်တမ်းအတော်ရင့်လာတော့ ဆိုးကျိုးတွေ စပြီလေ။ အသက်ရှုကမ၀ ရင်ခေါင်းထဲမှာတဂွီးဂွီးနဲ့ ဘာလုပ်လုပ် အရမ်းမော အများကြီးပေါ့ဗျာ။ အဆိုးဆုံးကတော့ လည်ချောင်းခြောက်တာပဲ မနက်ထ လာရင် ဘာမှ မျိုလို့မရဘူး။ ရေလေးနဲ့ မျှောမျှောချရတယ်။ ချောင်းတစ်ခါဆိုးရင်လဲ မပျောက်တော့ဘူး တစ်လနည်းပါးလောက်ထိ ကြာတတ်တယ်။ ပြောရအုံးမယ် ဆေးလိပ်အရမ်းသောက်တဲ့ ကျွန်တော့် အဖိုးဆုံးခါနီးတုန်းက အတော်ခံရတာ။ အဆုတ်ရောင်၊ နှလုံးကြီးပြီး လေပြွန်ကို ညှပ်ထားလို့တဲ့ အသက်ရှုလို့မရ တစ်ညလုံး ငုတ်တုတ်၊ ခံရလွန်းလို့ တကိုယ်လုံးကို တုန်နေတာပဲ။ ဒီလိုမြင်ရ တွေ့နေရလဲ ကိုသင်္ကြန်တို့ကတော့ မကြောက်ပါင် ရွှီရွှီပဲ အေးဆေး။
ကျွန်တော် ဆေးလိပ်နဲ့ပါတ်သက်ပြီး ယဉ်ကျေးမှုလေး တစ်ခုတော့ ထားတယ်။ ကလေးတွေနားမှာဆို ဘယ်တော့မှ မသောက်ဘူး၊ ကျွန်တော် ဆေးလိပ်သောက်တဲ့ အနားမှာ တစ်ယောက်ယောက်က နံတဲ့ပုံမျိုး လုပ်ပြရင် အခြားနေရာ ချက်ချင်း ပြောင်းသောက်တယ်။ ကိုယ်ကြိုက်ပေမဲ့ ကျန်းမာရေးအတွက်မှ မကောင်းပဲ၊ သူတပါးပါ ထပ်ထိခိုက်မယ် ဆိုရင် ဘယ်လိုကောင်းပါ့တော့မလဲ။ ဆေးလိပ်သောက်ခဲ့တဲ့ ၁၅နှစ် နီးပါးသက်တမ်း တလျှောက်မှာ ဖြတ်ဖို့စဉ်းစားခဲ့တာတော့ မရေတွတ်နိုင်အောင်ပါ။ တကယ်တန်း လက်တွေ့ ကြိုးစားခဲ့တာတော့ ၂ခါပဲ ရှိတယ်။ ပထမအခါတုန်းက ၂ရက်တောင် မပြည့်ဘူး။ ဒုတိယအခါမှာတော့ တကယ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရဘူးဗျ၊ ၄ရက်ပဲ ခံတယ်။ ကျွန်တော့်စိတ်ကိုက ပျော့တယ်ပဲ ပြောရမယ်။ ဒီတခါ တတိယအကြိမ်မြောက် ကြိုးစားအုံးမယ်။ ( လိမ်ထားတာလူမိသွားလို့ :P ) ကဲကဲ..ဘော်ဘော်တို့ရေ ကော်မန့်လေးတွေချပြီး အားပေးကြပါအုံး :D

ဆက်ဖတ်ရန်...

Saturday, March 8, 2008

စီးကရက်အသစ်တွေ မသောက်ချင်ဘူး

ဟောဒီလို ရင်ခေါင်းထဲအပြည့် ရှိုက်သွင်းမိတော့
မင်းဓာတ်ပုံကြောင့် ငါ့မှာမူးယစ်သွား
တံဆိပ်ပြောင်းရင် ချောင်းဆိုးတတ်တယ်
စီးကရက်အသစ်တွေ မသောက်ချင်ဘူး ။ ။

နေထက်ညို

ဆက်ဖတ်ရန်...

Wednesday, March 5, 2008

မအောင့်နိုင်လို့ပါ

လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။ သုံးယောက်လုံး အမြန်ထွက်သွားကြသည်။ ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။
ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ…..
ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။
မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းဖင်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊ မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်…
ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊ သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ သတ်စားခံလိုက်ရသည်၊
ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး ဆယ်လုံးယူလာပြသည်။
ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊
၁။ ၂။ ၃။ ၄။ ၅။ ၆။ ရ။ ၈ လုံး။ ၉ လုံး… ဟား ဟား ဟား ဟား ……..
နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့် ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။
ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။
ခင်ဗျားဗျာ…. ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့် ဟာကို…..
ဒုတိယလူပြန်ဖြေသည်။
မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင် ထမ်းလာတာ နာနတ်သီးတွေကွ… ဟီး..ဟီး…………။

ဆက်ဖတ်ရန်...

Tuesday, March 4, 2008

နံနက်ခင်း သတင်းစဉ်

ခင်ဗျားဖတ်ပြီးရင် စားပွဲပေါ်တင်ထားခဲ့
ဒီနေ့အခြေအနေ ဘယ်လိုလဲ
ဘာသတင်းထူးလဲ
ဒီလိုပဲ ကောက်ရိုးသင်္ခါရ နဲ့ 
သံသင်္ခါရ ဆိုတာကွာတယ်
အရင်ကဘလောက်တုံး
အခုတော့ အော့ဖ်ဆက်တွေပဲသုံးတော့တယ်
ဓာတုဗေဒဘာသာရပ်ပြင်ဆင်စရာများ
သြော် အခုဆယ်တန်းစာမေးပွဲ နီးပြီလား
ဗုံးပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပွား
အင်ဖော်မေးရှင်း တွေက
ဦးနှောက်ထဲ ဒလိမ့်ခေါက်ကွေး ဝင်သွားတယ်
ဆန်တွေပိုနေတယ်
ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းမယ်
အို…ကျောင်းသူကျောင်းသားအပေါင်းတို့
အောင်မှတ်များများ ရစေဖို့ 
နဒီယတြာ ချေကြပါစို့
ဆန်နဲ့ဆီ တက်ရိပ်ပြဆိုပါလား
တစ်ရွက်လှန်လိုက်တာနဲ့ တင်
သတင်းကပြောင်းပြန်ဖြစ်သွားတယ်
အာရှကျားများ ဒါဆိုငါက အာရှနွားလား
အလို ဟာဗာနား
မီးရှုးမီးပန်းတွေနဲ့ ၄၉ နှစ်မြောက်ပြန်ပြီလား
ကောလဟလများ ၊ စစ်တမ်းများ
စင်ကာပူကိုသွားမယ်ဆို ဒါတွေသိဖို့ လိုတယ်
နောက်တစ်ခါ
အိုင်စတိုင်းအား မီးပူဇော်ခြင်းဖြင့်
ရူပဗေဒ ဘာသာရပ်တွင်ဂုဏ်ထူးရရှိ နိုင်သည်လို့ရေးမယ်



ဘယ်တုန်းကတည်းက စွန်တွေရှိခဲ့သလဲ
ပိုဂျမန်သက်ဆင် ကိုဘာလို့ဖမ်းလိုက်သလဲ
ဒစ်ဂျစ်တယ်နဲ့ အာရုံခံစားမယ် လို့ ဘီလ်ဂိတ်ပြောကြား
အအေးလှိုင်းကျတယ်ဆိုပါလား
စည်းကမ်းမဲ့ ယာဉ်မောင်းများကြောင့်
၂၀၀၇ တွင်သေဆုံးသူဦးရေများ
ကားဈေးဆက်တိုက်ကျဆင်း ၊သီချင်းခွေဝယ်ခြင်းထက်
MP3 နဲ့ကူးသူတွေများပြား
သူငယ်ချင်းရေ ဟောဒီမှာမင်းအတွက်
ဝန်ထမ်းအမြန်အလိုရှိသည်တဲ့
အခု ကိုယ့်ကိုယ်ကိုယ် ကျပ်ငွေနဲ့ ခန့်ဖို့ အဆင်သင့်ဖြစ်ပြီလား
လူကို အန္တရာယ်ဖြစ်စေနိုင်သတဲ့
ခဲနေတဲ့ဆီ စားသုံးရင်
အဲဒီ အန္တရာယ်ကို ငါ့အိမ် ပို့ပေးလိုက်ပါကွယ့်
တွက်ခြေကိုက်သဲလှေများ၊ မင်္ဂလာဈေးရှိဆိုင်ခန်းများ
ဟောဒီ ခေတ်ကြီးကဖောက်ထွင်းခိုးယူသွား
ဇော်ဝင်းထွဋ် ကတော့ D2 ပဲဝတ်တယ်
အကယ်ဒမီပေးပွဲ ကျင်းပတော့မည်တဲ့
အလို ပညာထူးချွန်သူ သရုပ်ဆောင် နေခြည်လင်းလဲ့
ဂျာနယ်တစ်စောင်လုံးမှာ မင်းကိုငါ အကြိုက်ဆုံးပါကွယ့် ။ ။

----နေထက်ညို----

မှတ်ချက်။ ။ ဆရာညိုထက် (လမ်းသစ်ဦး) ဟူသောကလောင်အမည်ရှိပြီးဖြစ်ပါသဖြင့် “နေထက်ညို“ ဟုပြောင်းလဲသုံးစွဲမည်ဖြစ်ပါကြောင်း ။ ။

ဆက်ဖတ်ရန်...

Saturday, March 1, 2008

လူနာဆောင်

ဦးခေါင်းတစ်လုံးကိုခွဲစိတ်လိုက်တော့
မည်းမှောင်နေတဲ့လှေကားထစ်တွေထွက်လာမယ်
ပြိုကြနေတဲ့စာအုပ်မြို့ရိုးတစ်ခုထွက်လာမယ်
အက်ကွဲနေတဲ့မျက်မှန်တစ်လက်ထွက်လာမယ်
ထက်ပိုင်းကျိုးနေတဲ့ဘောလ်ပင်တစ်ချောင်းထွက်လာမယ်
ဆွေးမြည့်နေတဲ့တယောသံတစ်သံထွက်လာမယ်
အကျဉ်းကျနေတဲ့ပင်လယ်တစ်ခုထွက်လာမယ်
ကြမ်းရှနေတဲ့ရုပ်ဝါဒတစ်ထပ်ထွက်လာမယ်
သွေးစွန်းနေတဲ့မြေယာတိုက်ပွဲတစ်ချို့ထွက်လာမယ်
ဆုငွေထုတ်ထားတဲ့ဦးခေါင်းတစ်လုံးထွက်လာမယ်
မဟော်ဂနီရောင်တောက်တောက်ဗြူရိုကရက်ကုလားထိုင်တစ်လုံးထွက်လာမယ်
ဟောင်းနွမ်းနေတဲ့အယ်ဒီတာစားပွဲတစ်လုံးထွက်လာမယ်
ကြိုးဖြေပေးလိုက်တဲ့ချိုးငှက်တစ်ကောင်ထွက်လာမယ်
မလိုက်ခဲ့သောမြနန္ဒာတစ်ယောက်ထွက်လာမယ်
ငွေသောင်ယံဟွန်ဒါယဉ်ကျေးမှု၊မေရီပိုးဗေးနှင့်အီကွေတာညများထွက်လာမယ်
ဓါးတောင်ပေါ်လောင်နေတဲ့မီးပင်လယ်တစ်ခုထွက်လာမယ်
လေလွင့်နေတဲ့မာယာဘုံ၂ခုထွက်လာမယ်
တော်စတွိုင်းရဲ့စစ်နဲ့ငြိမ်းချမ်းရေး၁၂တွဲထွက်လာမယ်
မာဂရက်မစ်ချယ်ရဲ့လေရူးသုန်သုန်ထွက်လာမယ်
ဆောင်ဇူချင်းနဲ့ကောက်ငိုတို့ရဲ့ခန်းဆောင်နီအိပ်မက်၉ခုထွက်လာမယ်
ဒိုးမိနိလာပီယဲရဲ့သုခမြို့တော်တစ်မြို့ထွက်လာမယ်
ကိုယ်ခံအားကျဆင်းနေတဲ့အချစ်မိုးကောင်းကင်တစ်ခုထွက်လာမယ်
ထူထဲနေတဲ့သမိုင်းဆရာတွိုင်ဘီနှင့်ငြင်းခုန်ခြင်းထွက်လာမယ်
ရာဘင်ဒြာနာ့သ်တဂိုးရဲ့သစ်သီးခူးကူးတို့သမားထွက်လာမယ်
မိမိကိုယ်တိုင်ခွဲထုတ်ထားတဲ့မျက်နှာ၉မျက်နှာထွက်လာမယ်
နောက်ဆုံးကြေကွဲနေတဲ့ဖေဖော်ဝါရီလ၁၈ရက်တစ်ရက်ထွက်လာမယ်
ဆေးရုံထဲလက်တစ်ဖက်အေးစက်စက်ကျရောက်လာ
ဘယ်သူတစ်ဦးတစ်လေမှမတွေ့လိုက်ဘူး
နှင်းကျလမ်းမတွေလိုမျက်လုံးတစ်စုံဘာမှမမြင်နိုင်တော့ဘူး
သူတို့ကဦးခေါင်းကိုခွဲစိတ်ပြီးပြန်ချုပ်တဲ့အခါ
ထွက်လာတဲ့အရာအားလုံးဦးခေါင်းထဲပြန်ထည့်ပေးနိုင်ခဲ့တယ်
ပြန်ထည့်မပေးနိုင်ခဲ့တာကတော့ညဉ်းညူတွန့်ခေါက်နေတဲ့ဝိညာဉ်
အသံမမည်ပဲတံခါးတစ်ချပ်အမှောင်ထုထဲပြုတ်ထွက်လွင့်စင်သွား
၆၉နှစ်ကြာဝါကျင့်ကျင့်ရုပ်ရှင်ပြဇတ်တစ်ခုအသံရပ်သွား
ဆွတ်ဆွတ်ဖြူပိတ်ကားပေါ်။



ပိုင် (စတိုင်လ်သစ် Aug 98)

ဆက်ဖတ်ရန်...